“ဟန်တာဗိုင်းရပ်ကူးစက်မှုဖြစ်ပွားသည့် သင်္ဘောမှ ခရီးသည်များကို စတင်ရွှေ့ပြောင်း”
11 May
ဟန်တာဗိုင်းရပ်ကူးစက်မှုဖြစ်နေသည့် MV Hondius အပျော်စီးသင်္ဘောပေါ်မှ ခရီးသည်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)၏ကြီးကြပ်မှုဖြင့် စတင်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်းသိရသည်။ ထိုခရီးသည်များကို တင်ဆောင်လာသည့် ပထမဆုံးလေယာဉ်သည် မေလ ၁၀ ရက်တွင် စပိန်နိုင်ငံ ကနေရီကျွန်းစုမှ မက်ဒရစ်မြို့ရှိ စစ်ဆေးရုံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ ထိုသင်္ဘောသည် အာဖရိကအနောက်ဘက်ကမ်းရိုးတန်းရှိ တက်နရစ်ကျွန်း အနီးတွင် ဆိုက်ကပ်ထားပြီး စပိန်နိုင်ငံသား ၁၄ ဦးကို ပထမဆုံးလေယာဉ်ဖြင့် ဦးစွာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် လိုက်ပါလာသူပေါင်း ၁၄၀ ကျော်တွင် ဗိုင်းရပ်ကူးစက်ခံရသည့် လက္ခဏာများ မတွေ့ရ သေးကြောင်း စပိန် ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သင်္ဘောကုမ္ပဏီတို့က ထုတ်ပြန် ထားသည်။ သို့သော်လည်း အာဂျင်တီးနားနိုင်ငံမှ ဧပြီလအတွင်း ထွက်ခွာလာသည့် ယင်းသင်္ဘောပေါ်တွင် နယ်သာလန်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးနှင့်ဂျာမနီမှအမျိုးသမီးတစ်ဦးတို့အသက်ဆုံးရှုံးပြီး အခြားသူအချို့လည်း ဖျားနာမှုများ ဖြစ်ပွားခဲ့သည်။ စပိန်နိုင်ငံသား ၁၄ ဦးမှာ မက်ဒရစ်သို့ ရောက်ရှိပါက သီးခြားခွဲနေထိုင်ရမည်ဖြစ်ပြီး ကျန်ရှိသည့် ခရီးသည်နှင့်ဝန်ထမ်းများကို မေလ ၁၁ ရက်တွင် ဩစတြေးလျနိုင်ငံသို့ လေယာဉ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။