“အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အစ္စရေးက အီရတ်နိုင်ငံအတွင်း လျှို့ဝှက်စစ်စခန်းတစ်ခု တည်ဆောက်ခဲ့ဟုဆို”
11 May
အီရန်နိုင်ငံအပေါ် ဝေဟင်ထိုးစစ်ဆင်နွှဲရာတွင် အထောက်အကူပြုရန် အစ္စရေးက အီရတ်သဲကန္တာရအတွင်း လျှို့ဝှက်စစ်စခန်းတစ်ခုတည်ဆောက်ခဲ့ပြီး အဆိုပါစခန်းကိုတွေ့ရှိသည့် အီရတ်တပ်ဖွဲ့ဝင်များကိုပင် ပြန်လည် တိုက်ခိုက်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ပြောဆိုမှုကို ကိုးကား၍ Wall Street Journal က မေလ ၉ ရက် တွင် ဖော်ပြသည်။ အမေရိကန်နှင့်အစ္စရေးက အီရန်အပေါ်စစ်ဆင်ရေးမစတင်မီ အဆိုပါလျှို့ဝှက်စခန်းကို အခြေချ ခြင်းဖြစ်ပြီး အမေရိကန်ဘက်ကလည်း ယင်းအခြေအနေကို သိရှိထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။ ထိုစခန်းသည် အစ္စရေးအထူးတပ်ဖွဲ့များ ရုံးစိုက်ရာနှင့်လေကြောင်းတပ်ဖွဲ့အတွက် ထောက်ပံ့ရေးဗဟိုဌာန အဖြစ် လုပ်ဆောင်ပေးခဲ့ပြီး မတ်လအစောပိုင်းတွင် ဒေသခံသိုးကျောင်းသားတစ်ဦးက ပုံမှန်မဟုတ်သော စစ်ရေး လှုပ်ရှားမှုများကို သတိပြုမိရာမှတစ်ဆင့် အီရတ်စစ်ဘက်မှ တာဝန်ရှိသူများလာရောက်စစ်ဆေးစဉ် အစ္စရေး တပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် အီရတ်စစ်သည်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသဖြင့် ဘဂ္ဂဒတ်အစိုးရက အမေရိကန်ကို အပြစ်တင်ဝေဖန်ထားသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ အစ္စရေးသည် အမေရိကန်နိုင်ငံကို စစ်ပွဲအတွင်းသို့ ဆွဲသွင်းနေခြင်းဖြစ်ကြောင်း အမေရိကန်အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲဟောင်း ဂျိုးကန့် က ပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။