“၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အစ တစ်လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၇၀,၀၀၀ ခန့်တင်ပို့ထား”
10 May
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အစ ဧပြီလတစ်လတာ ကာလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၇၀,၀၀၀ ခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ဆန်နှင့်ဆန်ကွဲများကို တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆန်တန်ချိန် ၈၁,၁၄၂ တန်နှင့် ဆန်ကွဲတန်ချိန် ၈၈,၄၁၇ တန်တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ဧပြီလအတွင်း ပြည်ပသို့ ဆန်တင်ပို့ရာတွင် မဒါဂတ်စကာနိုင်ငံသို့ တန်ချိန်အများဆုံးတင်ပို့နိုင်ခဲ့ပြီး တရုတ်၊ စပိန်၊ ဖိလစ်ပိုင်၊ ပိုလန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့နိုင်ခဲ့ပြီး ဆန်ကွဲကို တရုတ်နိုင်ငံသို့ ၄၇,၄၄၁ တန်ဖြင့် အများဆုံးတင်ပို့ထားကာ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့် ဆန်ကြမ်းများကို အဓိကတင်ပို့နေပြီး ပေါ်ဆန်းဆန်ကိုလည်း တင်ပို့နေကာ အာရှနိုင်ငံများအပြင် ဥရောပ၊ အာဖရိက၊ ဗြိတိန် စသည့် အနောက်နိုင်ငံများကိုပါ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။(NVS 004)