“ခန့်မှန်းငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ”

10 May

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ခန့်မှန်း ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နံနက်ပိုင်းက ကလေးမြို့အဝင်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က NISSAN CONDOR ကားနှင့် GOLDEN TRUCK ကားတို့ပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုကို သက်ပိုင်စိုး၊ ဇော်ထိုက်၊ မျိုးရဲနိုင်၊ ကျော်လင်း တို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ စစ်ဆေးဖော်ထုတ်ချက်များအရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော်နှင့် နေလင်းဦး(ခ)ဆေးဆရာ တို့ မောင်းနှင်လာသည့်ကားပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလို၊ ကလေးမြို့၌ လက်ခံရယူမည့်သူ ညွန့်တင်နှင့် လားရှိုးမြို့မှ သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်း တို့ကို ဧပြီလ ၃၀ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပြည်ကြီးတံခွန်မြို့နယ်၌ ရပ်တန့်ထားသော ၆ ဘီးကား ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်းကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်အတွင်း ခန့်မှန်းငွေကျပ် ၉ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြားလေးသန်းတို့အပြင် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူ‌ဆောင်ရွက်လျက်ရှိကာ ဆက်စပ်တရားခံများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။(NVS 004)

10 May

ADVERTISE HERE .