“ဗင်နီဇွဲလားနိုင်ငံရှိ သန့်စင်ပြီးယူရေနီယံများကို အမေရိကန်သိမ်းဆည်းရယူ”

10 May

ဗင်နီဇွဲလားနိုင်ငံရှိ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံများအားလုံးကို ဖယ်ရှားရယူနိုင်ပြီဖြစ်ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက မေလ ၈ ရက်တွင် ကြေညာသည်။ ထိုလုပ်ဆောင်ချက်သည် အမေရိကန်နှင့် တစ်ကမ္ဘာလုံးအတွက် အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။ ဗင်နီဇွဲလားရှိ သုတေသနဓာတ်ပေါင်းဖိုဟောင်းတစ်ခုမှ ကျန်ရှိနေသည့် သန့်စင်ပြီးယူရေနီယံ ၁၃ ဒသမ ၅ ကီလိုဂရမ်ကို ဖယ်ရှားကာ ပြန်လည်ပြုပြင်အသုံးချနိုင်ရန် အမေရိကန်သို့ လွှဲပြောင်းယူဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုခြေလှမ်းသည် ဗင်နီဇွဲလားနိုင်ငံ၏ ပြန်လည်နိုးထမှုကို ကမ္ဘာသို့ ပြသလိုက်ခြင်းဖြစ်ပြီး သမ္မတထရမ့်၏ ပြတ်သားသောဦးဆောင်မှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အမေရိကန်သည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို ကို ဇန်နဝါရီလအတွင်း ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်စတင်ပြီး ယခုယူရေနီယံဖယ်ရှားမှုကို ဗင်နီဇွဲလားနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုယူရေနီယံများသည် ၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ ကျင့်သုံးခဲ့သော "Atoms for Peace" အစီအစဉ်အရ ကရာကပ်မြို့အနီး၌ တည်ဆောက်ခဲ့သည့် အရပ်ဘက်သုံးဓာတ်ပေါင်းဖိုမှဖြစ်ကြောင်း သိရသည်။

10 May

ADVERTISE HERE .