“ရုရှားနှင့်ယူကရိန်း သုံးရက်ကြာ အပစ်အခတ်ရပ်စဲဟု ထရမ့် ကြေညာ”
10 May
အမေရိကန်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရုရှားနှင့်ယူကရိန်းနိုင်ငံတို့က သုံးရက်ကြာ အပစ်အခတ်ရပ်စဲရန် နှင့် အကျဉ်းသားလဲလှယ်ရန် သဘောတူညီမှုရရှိကြောင်း ထရမ့် က မေလ ၈ ရက်တွင်ကြေညာသည်။ စစ်ပွဲ အဆုံးသတ်နိုင်ရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး နေ့စဉ်နှင့်အမျှ ရလဒ်ကောင်းများနှင့် နီးစပ်လာ နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ ရုရှားနှင့် ယူကရိန်းတို့က မေလ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် သုံးရက်ကြာ အပစ်အခတ် ရပ်စဲသွားမည်ဖြစ်ကြောင်း ထရမ့် က လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။ အဆိုပါ အပစ်အခတ်ရပ်စဲမှု ကာလသည် ဆိုဗီယက်ပြည်ထောင်စု၏ ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်သည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ ဖြစ်သော မေလ ၉ ရက်နှင့် တိုက်ဆိုင်နေသည်။ ယင်းအောင်ပွဲနေ့သည် ယူကရိန်းနိုင်ငံအတွက်လည်း ဒုတိယ ကမ္ဘာစစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် အရေးပါနေကြောင်း ထရမ့် ကပြောသည်။ အပစ်အခတ်ရပ်စဲကာ အကျဉ်းသား ၁,၀၀၀ စီ လဲလှယ်ရေးအတွက် ထရမ့် က ကိုယ်တိုင်တိုက်ရိုက် တောင်းဆိုခြင်းဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ တို့၏ သဘောတူမှု ကို ကျေးဇူးတင်ကြောင်းလည်း ၎င်းကပြောထားသည်။