“ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့၌ စပျစ်ဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည်”
09 May
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့၌ စပျစ်ဇုန် တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က စပျစ်ဇုန် အကောင်အထည်ဖော်ရေးတွင် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရမည်းသင်းမြို့နယ်၊ သဲကျွန်းကျေးရွာ၌ စပျစ်စိုက်တောင်သူများ၊ စပျစ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ တောင်သူများ၏ မေးမြန်းတင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့တွင် စပျစ်စိုက်ပျိုးလုပ်ကိုင်မှု များပြားလာခြင်းကြောင့် ဆည်ရေသောက် လယ်မြေများပေါ်တွင် စိုက်ပျိုးခြင်းများရှိလာသဖြင့် လယ်ယာမြေအပေါ် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ စိုက်ပျိုးလုပ်ကိုင်မှု များကို လုပ်ငန်းအရှိန်မပြတ်စေဘဲ စနစ်တကျဖယ်ရှားနိုင်ရန်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ ဝိုင်စပျစ် စီးပွားဖြစ်စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေးထွက်ကုန်အခြေခံ စားသောက်ကုန်ချောထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော်ဆောင်မည့် စပျစ်ဇုန်၌ ဝိုင်စပျစ်တစ်မျိုးတည်းကိုသာ စိုက်ပျိုး လုပ်ကိုင်ကြရန်ဖြစ်ပြီး ထွက်ရှိလာမည့်စပျစ်များ ရောင်းချနိုင်ရေးအတွက် လက်ရှိလည်ပတ်နေသော ဝိုင်စက်ရုံမှ ဝယ်ယူသွားရန် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်လို့ စိုက်ပျိုးမှုနှင့် ထွက်ရှိနိုင်မှုအပေါ်မူတည်၍ စပျစ်ဝိုင်စက်ရုံများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိုပါ စီမံပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)