“ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ လျော့နည်းကျဆင်း”
09 Mayစက်သုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းသုံးစွဲရန် လိုအပ်လျက်ရှိသော စက်သုံးဆီများကို ပြည်ပမှ အဓိက တင်သွင်းအသုံးပြုနေရသည့် နိုင်ငံတစ်ခုဖြစ်ပြီး စက်သုံးဆီများ ဝယ်ယူခြင်းကို အရှေ့တောင်အာရှနိုင်ငံများတွင် Mean of Platts Singapore(MOPS) ဈေးနှုန်းများအပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိပါတယ်။ ဖြစ်ပေါ်နေသည့် ပဋိပက္ခအခြေအနေများအပေါ်မူတည်၍ Mean of Platts Singapore(MOPS)ဈေးနှုန်း အတက်၊ အကျတည်ငြိမ်မှုမရှိသော်လည်း နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)တို့၏ ပူးပေါင်းဆောင်ရွက်ပေးမှုတို့ကြောင့် နိုင်ငံတော်တွင် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်မှစ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားရှိပါတယ်။ ဒါ့အပြင် ဒီဇယ်ဆီအသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်လျက်ရှိသည့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းကို ထိန်းညှိပေးနိုင်ရန်အတွက် ရိုးရိုးဒီဇယ်ဆီ HSD(500 PPM)တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန်(၂%) တို့ကို နိုင်ငံတော်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ ကင်းလွတ်ခွင့်ပြုသည့်အတွက် ပရီမီယံဒီဇယ်ဆီဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ၁၀၂၀ ကျပ် သက်သာလျက်ရှိကြောင်း သိရပါတယ်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီမပြတ်လပ်စေရေး၊ အရန်ဆီပိုမိုသိုလှောင်ထားရှိနိုင်ရေး စီမံဆောင်ရွက် နေသကဲ့သို့ ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူခွင့်ရရှိစေရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်းပေးလျက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားရှိပါတယ်။(NVS 004)