“စပိန်က ဟန်တာဗိုင်းရပ် ကူးစက်မှုဖြစ်ပွားသည့် သင်္ဘောမှခရီးသွားများကို နေရပ်ပြန်ပို့မည်”
09 May
စပိန်အစိုးရသည် မေလ ၁၀ ရက်တွင် ကနေရီကျွန်းစုသို့ ဆိုက်ကပ်မည့် ဟန်တာဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားသည့် သင်္ဘောမှခရီးသွားများကို ၎င်းတို့၏နေရပ်နိုင်ငံများသို့ ပြန်ပို့မည်ဖြစ်ကြောင်း မေလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါသင်္ဘောပေါ်မှ ခရီးသည်များကို ဆိပ်ကမ်းသို့ လှေငယ်များဖြင့် အဆင့်ဆင့်လွှဲပြောင်းခေါ်ယူမည် ဖြစ်ပြီး ထိုမှတစ်ဆင့် လေဆိပ်သို့ ဘတ်စကားများဖြင့် ပို့ဆောင်ကာ မိခင်နိုင်ငံများက စီစဉ်ပေးထားသော လေယာဉ်ငယ်များဖြင့် ပြန်လည်စေလွှတ်မည်ဖြစ်သည်။ အမေရိကန်အစိုးရက ၎င်း၏ နိုင်ငံသား ၁၇ ဦးအတွက် လေယာဉ်တစ်စင်းစေလွှတ်သွားရန် သဘောတူထားပြီး ဗြိတိန်အစိုးရကလည်း ၎င်း၏ နိုင်ငံသား ၂၀ ကျော်အတွက် လေယာဉ်တစ်စင်း ငှားရမ်းထားသည်။ ဧပြီလတွင် အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာလာသည့် အဆိုပါသင်္ဘောပေါ်၌ ဟန်တာဗိုင်းရပ်ကူးစက်မှုကြောင့် လူသုံးဦးသေဆုံးပြီးနောက် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။