“ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး နယ်စပ်တင်းမာမှုများလျှော့ချရန် ဆွေးနွေး”
08 May
ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်တို့သည် ဖိလစ်ပိုင်နိုင်ငံ၌ မေလ ၇ ရက်တွင်ကျင်းပသည့် အာဆီယံအစည်းအဝေး၌ ရှားရှားပါးပါးတွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်တင်းမာမှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေး အတွက် ရှေ့ဆက်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်တွင်ဖြစ်ပွားသော နယ်စပ်ပဋိပက္ခများ ကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ ထိပ်သီးခေါင်းဆောင်များ၏တွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများကြား ပဋိပက္ခဖြစ်ပွားခြင်းသည် နှစ်ဖက်စလုံးအတွက်ဆုံးရှုံးမှု များသာ ဖြစ်ပေါ်စေကြောင်းနှင့် နောင်တွင် ယခုကဲ့သို့တင်းမာမှုများ ထပ်မံမဖြစ်ပွားစေရန် နားလည်မှု တည်ဆောက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောသည်။ ထို့ပြင် အဆိုပါနယ်စပ်ပဋိပက္ခများတွင် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံခေါင်းဆောင်များက ထည့်သွင်း ဆွေးနွေးသည်။ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ပျက်ပြားနေသောဆက်ဆံရေးကို ပြန်လည်ကုစားရန်နှင့် နယ်စပ်ဒေသများတွင် တပ်ဖြန့်ထားမှုများကို လျှော့ချနိုင်ရန်တို့အတွက် အရေးပါသောခြေလှမ်းတစ်ရပ် ဖြစ်လာသည့်အပြင် နယ်စပ်လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ခေါင်းဆောင်များက ကတိပြုကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။