“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အလေးချိန် ၂,၂၀၀ ဂရမ် (၁၁,၀၀၀ ကရက်)ရှိတဲ့ ပတ္တမြားကြီးကို ကြည့်ရှုခဲ့”

08 May

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှ ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန် ၂,၂၀၀ ဂရမ် (၁၁,၀၀၀ ကရက်)ရှိတဲ့ ပတ္တမြားတစ်ပွင့်ကို မေလ ၇ ရက်နံနက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ အဆိုပါပတ္တမြားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဦးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပတ္တမြားကြီး၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများအား ရှင်းလင်းတင်ပြပါတယ်။ ယခုရှာဖွေတွေ့ရှိခဲ့သောပတ္တမြားက အလေးချိန် ၂,၂၀၀ ဂရမ် (၁၁,၀၀၀ ကရက်) ရှိသဖြင့် အရွယ်အစား ကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီး ရှားပါးကြောင်း၊ ပတ္တမြားကြီးအနေဖြင့် ခရမ်းရောင်သမ်းသော အနီရောင်မှာ အဝါရိပ်ဖောက်သောအရောင်ရှိပြီး အရောင်အဆင့်အတန်းအားဖြင့် ကောင်းမွန်ကြောင်း၊ အလင်းပေါက် ကို သင့်တင့်ပြီး ဖန်ရောင်လက်ကောင်းမွန်ကာ ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိတဲ့ ပတ္တမြားကြီး ဖြစ်ကြောင်း သိရပါတယ်။ ယခင်က မြန်မာနိုင်ငံတွင် ရှားပါးပြီးတန်ဖိုးရှိတဲ့ ၁၉၉၀ ပြည့်နှစ်တွင် ရရှိခဲ့သော အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ နဝတပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သော အလေးချိန် ၄,၂၉၀ ဂရမ်(၂၁,၄၅၀ ကရက်) ရှိပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သော အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂,၇၈၉ ဒသမ ၂၅ ကရက်)ရှိ နစကပတ္တမြားတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခုပတ္တမြားအပါအဝင် ပတ္တမြား ၄ ပွင့်လုံးသည် မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်ဒေသမှထွက်ရှိပြီး သက်ဆိုင်ရာပတ္တမြားတစ်ပွင့်ချင်းအလိုက် ဂုဏ်သတ္တိထူးခြားချက်များ ရှိသောကြောင့် အလွန်တန်ဖိုးရှိသည့် ပတ္တမြားများဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်ရရှိခဲ့သော ပတ္တမြားက အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း အရောင်နှင့်အရည်အသွေးနှိုင်းယှဉ်ပါက ယခုနောက်ဆုံးတွေ့ရှိခဲ့သော ပတ္တမြားက အရောင်နှင့် အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် တန်ဖိုးပိုမိုမြင့်မားကြောင်း သိရပါတယ်။ (NVS 004)

08 May

ADVERTISE HERE .