“ငြိမ်းချမ်းရေးသဘောတူညီချက်မရပါက အီရန်ကို ယခင်ထက်ပိုမိုပြင်းထန်စွာဗုံးကြဲမည်ဟု ထရမ့်ခြိမ်းခြောက်”
07 May
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရသည် အမေရိကန်အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီ ချက်ကို သဘောမတူပါက အမေရိကန်တပ်ဖွဲ့များအနေဖြင့် ယခင်ကထက် ပိုမိုမြင့်မားသောအဆင့်ရှိသည့် ပြင်းအားဖြင့် အီရန်အပေါ်ဗုံးကြဲမှုများကို ပြန်လည်စတင်သွားမည်ဟု မေလ ၆ ရက် တွင်ပြောသည်။ အကယ်၍ အီရန်နိုင်ငံက သဘောတူညီချက်များကို လိုက်နာလျှင် Epic Fury စစ်ဆင်ရေးကို အဆုံးသတ်မည်ဖြစ်ပြီး ဟော်မု ရေလက်ကြားကို အီရန်အပါအဝင်အားလုံးအတွက် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ၎င်း၏ Truth Social အကောင့် တွင် ထရမ့်ကရေးသားထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ Epic Fury စစ်ဆင်ရေးသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးထားပြီးဖြစ်သည်ဟု မေလ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ထို့ပြင် အီရန်နှင့် အပြီးသတ် သဘောတူညီချက်ရရှိရန် တိုးတက်မှုများရှိသည့်အတွက် အီရန်ဆိပ်ကမ်းများကို ဆက်လက် ပိတ်ဆို့ထားသော်လည်း ဟော်မုရေလက်ကြားတွင် သင်္ဘောများကို လမ်းပြပေးနေသည့် အမေရိကန်တပ်မတော် ၏လုပ်ငန်းစဉ်များကို ခေတ္တရပ်ထားမည်ဟု ထရမ့်က ဆိုသည်။ ဖြစ်ပေါ်လာနိုင်သည့် သဘောတူညီချက်တွင် အီရန် က နျူကလီးယားသန့်စင်မှုကိုရပ်ဆိုင်းရန်နှင့်အမေရိကန်အစိုးရက အီရန်အပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများ ရုပ် သိမ်းပေးရန် ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။