“ဗီယက်နမ်သမ္မတ၏ အိန္ဒိယနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း BrahMos ဒုံးကျည်များဝယ်ယူရေး ဆွေးနွေးဖွယ်ရှိ”
06 May
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ဖိတ်ကြားချက်အရ ဗီယက်နမ်သမ္မတ တိုလမ် သည် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မေလ ၅ ရက်တွင် ရောက်ရှိလာပြီး ယင်းခရီးစဉ်အတွင်း ရုရှားနှင့်အိန္ဒိယ တို့ ပူးပေါင်းထုတ်လုပ်ထားသည့် BrahMos ဒုံးကျည်များဝယ်ယူရေးကိစ္စကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရ သည်။ တိုလမ် သည် သမ္မတအဖြစ်ရွေးချယ်ခံရပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းဖြစ်ပြီး နယူးဒေလီမြို့သို့ မသွားရောက်မီ ဗုဒ္ဓဂယာသို့ ဦးစွာဝင်ရောက်လည်ပတ်သည်။ သမ္မတနှင့်အတူ ဝန်ကြီးများ၊ အစိုးရအဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ လိုက်ပါလာပြီး အိန္ဒိယနှင့်ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်ထားသည်။ BrahMos ဒုံးကျည် အရောင်းအဝယ်သဘောတူညီချက် ဖြစ်ပေါ်လာပါက သင်တန်းပေးမှုနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် ရူပီးဘီလီယံ ၆၀ ခန့် တန်ဖိုးရှိနိုင်ကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။ မေလ ၅ ရက်မှ ၇ ရက် အထိကြာမြင့်မည့် ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်အချို့ ထွက်ပေါ်လာနိုင်သော်လည်း လက်နက်တိုက်ရိုက်ရောင်းချရေး စာချုပ် လက်မှတ်ထိုးရန်မှာမူ မသေချာသေးကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။