“မြန်မာနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်ရာတွင် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူဆောင်ရွက်ရမည်”

05 May

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် အလုပ်ရှင်ထံမှ ခွင့်စာ(Letter of Permission for Leave)နှင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ် ရုံးတို့မှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ ၁ လအထက်ကျော်သူများ၊ OWIC တွင် ဖော်ပြထားသော နိုင်ငံနှင့် လုပ်ငန်းခွင်ကွဲလွဲ သူများသည် ခွင့်ကာလတစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်နေသော နိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့် အမျိုးအစားများအနက် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စသည်တို့မှအပ နှစ်ပတ်လည်ခွင့် အပါအဝင် သာမန်ခွင့်များကို အများဆုံး ၁ လသာ ခွင့်ပြုထားပြီး အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအလုပ်သမားများ အမှန်တကယ် အလုပ်လုပ်ကိုင်နေသော OWIC ပါ အလုပ်ရှင်နှင့်လုပ်ငန်းခွင်တို့တွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ လက်ရှိအလုပ်လုပ်နေသော အလုပ်ရှင်/လုပ်ငန်းခွင် အမှန်ကို သိရှိနိုင်ရေးအတွက် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား များ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့အလုပ်လုပ်ကိုင်ရာ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင် များသို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် အထောက် အထားများကို မှန်ကန်ပြည့်စုံစွာတင်ပြနိုင်သည့် လျှောက်လွှာများကို ရက်သတ္တပတ် တစ်ပတ်(ရုံးပိတ်ရက်အပါအဝင်) အတွင်း ပြည်ပထွက်ခွာခွင့်နှင့် OWIC အသစ်လဲလှယ်နိုင်ရေးတို့ကို စနစ်တကျနှင့်အမြန်ဆုံး စိစစ်ခွင့်ပြု ဆောင်ရွက် ပေးသွားမယ်လို့ ထုတ်ပြန်အချက်အရ သိရပါတယ်။ (NVS-004)

05 May

ADVERTISE HERE .