“အမေရိကန်-အီရန် ပဋိပက္ခကို အဆုံးသတ်ရန် ပါကစ္စတန်နိုင်ငံက ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိ”
04 Mayအမေရိကန်-အီရန်ပဋိပက္ခကို အဆုံးသတ်ရန် ပါကစ္စတန်နိုင်ငံက ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ရီဇာမိုဟာဒမ်က မေလ ၃ ရက် တွင် ပြောကြားသည်။ အမေရိကန်နှင့်ပဋိပက္ခကို အဆုံးသတ်ရန်ရည်ရွယ်သည့် အီရန်၏စေ့စပ်ညှိနှိုင်းရေး အစီအစဉ်သစ်ကို ပါကစ္စတန်နိုင်ငံသို့ ပေးအပ်ခဲ့ပြီး ပါကစ္စတန်က အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ် ကြောင်း အီရန်သံအမတ်ကြီး ရီဇာမိုဟာဒမ်က ပြောကြားသည်။ တီဟီရန်သည် ၎င်း၏ရပ်တည်ချက်များနှင့် တောင်းဆိုမှုများတွင် ပွင့်လင်းမြင်သာမှုရှိပြီး ပြဿနာများကိုဖြေရှင်းရန် စိတ်ရင်းမှန်ဖြင့် စေ့စပ်ညှိနှိုင်းမှုတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း အီရန်သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ ပဋိပက္ခအဆုံးသတ်ရန် ဝါရှင်တန်၏ဆုံးဖြတ်ချက်တွင်သာ မူတည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ သည်။ ဒေသတွင်းနှင့်ကမ္ဘာ့ပြည်သူများက ရလဒ်ကောင်းထွက်ပေါ်မှုကို စောင့်မျှော်နေကြပြီး အီရန်က သံခင်း တမန်ခင်းလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်သည် ၎င်း၏အလွန်အကျွံရန်လိုသည့်အပြုအမူကို အဆုံးသတ်ပြီး အီရန်၏အခွင့်အရေးများကို လေးစား သည့် ချဉ်းကပ်မှုမျိုးဖြင့် ဆောင်ရွက်သင့်ကြောင်း အီရန်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။