“ရေနံအဆောက်အအုံများကို ယူကရိန်းက တိုက်ခိုက်ခြင်းကြောင့် ရေနံဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ဟု ရုရှား သတိပေး”
04 Mayယူကရိန်းနိုင်ငံက ရုရှား၏ရေနံအခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများသည် ကမ္ဘာ့ရေနံ ဈေးနှုန်းများကို ပိုမိုမြင့်တက်စေမည့် အန္တရာယ်ရှိနေကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က မေလ ၃ ရက်တွင် ပြောသည်။ ရုရှား၏ရေနံအခြေခံအဆောက်အအုံများကို ပစ်မှတ်မထားရန် အနောက်အုပ်စု၏တောင်းဆိုချက်များကို လျစ်လျူရှုခဲ့ကြောင်း ယူကရိန်းသမ္မတ၏ပြောဆိုမှုအပေါ် တုံ့ပြန်ရာတွင် ပက်စကော့က ယခုကဲ့သို့ ထည့်သွင်းပြောခြင်းဖြစ်သည်။ ကမ္ဘာ့ဈေးကွက်သို့ ရုရှားရေနံတင်ပို့မှု လျော့နည်း သွားခြင်းကြောင့် လက်ရှိတွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ ကျော်အထိ မြင့်တက်နေသည့် ဈေးနှုန်းကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ ဟော်မုရေလက်ကြားရှိတင်းမာမှုများကြောင့် ကမ္ဘာ့ရေနံဈေးကွက်၌ ရောင်းလိုအားပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရချိန် ရုရှားမှရေနံပမာဏ ထပ်မံလျော့နည်းသွားပါက ဈေးနှုန်းများမှာ လက်ရှိထက်ပိုမိုမြင့်တက်လာ မည် ဖြစ်သည်။ ထိုအချိန်တွင် ရေနံတင်ပို့မှုပမာဏလျော့နည်းသွားသော်လည်း ဈေးနှုန်းမြင့်တက်မှုကြောင့် ရုရှား ကုမ္ပဏီများနှင့်နိုင်ငံတော်အတွက် ဝင်ငွေပိုမိုရရှိနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောသည်။ တစ်ဖက်တွင်လည်း ယူကရိန်း၏တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုကာကွယ်ရန် လုပ်ဆောင်ရမည်ဟု ပက်စကော့ က ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။