“ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ နီးစပ်သွားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း”
02 May
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ပထမအကျော့မှာ ရှက်တာဒိုးနက်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့အသင်းဖြစ်ပြီး ရေပန်းစားမှုနဲ့ကိုက်ညီတဲ့ စွမ်းဆောင်ရည်ကို ဆီမီးဖိုင်နယ်ပထမအကျော့မှာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက အက်ဇေး၊ ဂူဟီ စတဲ့ အမာခံကစားသမားတွေကို ဆုံးရှုံးခဲ့ရပေမဲ့ ဥရောပ အဆင့်မှာ ဆုဖလားအောင်ပွဲ မျှော်လင့်နိုင်အောင် နည်းပြ ဂလက်စ်နာ က စွမ်းဆောင်ပေးထားခြင်းလည်း ဖြစ်ပါတယ်။ သြစတြီးယားနည်းပြ ဂလက်စ်နာ က ပြီးခဲ့တဲ့ရာသီမှာ FA ဖလားရယူပေးခဲ့သလို ဒီရာသီအဖွင့်မှာလည်း လီဗာပူးလ်အသင်းကို ကျော်ဖြတ်ပြီး ကွန်မြူနတီဒိုင်းကို ရယူပေးခဲ့ပါတယ်။ ဂလက်စ်နာ က လာမယ့်ရာသီကုန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြု ကြေညာထားသူဖြစ်ပြီး ကွန်းဖရန့်လိဂ်ဖလားနဲ့ နှုတ်ဆက်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။(NVS 008)