“နည်းပြ စကော့ပါကား နဲ့ လမ်းခွဲခဲ့တဲ့ ဘန်လေအသင်း”
02 May
ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်က တန်းဆင်းရဖို့ အဖြေထွက်ခဲ့ပြီးနောက် နည်းပြ စကော့ပါကား နဲ့ လမ်းခွဲခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဘန်လေအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့် ခဲ့ပြီးနောက် တန်းဆင်းရဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း စကော့ပါကား ဟာ ၂၀၂၄ နွေရာသီမှာ ဘန်လေအသင်းကို ၃ နှစ်စာချုပ်နဲ့ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တည်မြဲအောင်တော့ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီမကုန်ခင်မှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ လက်ထောက်နည်းပြ မိုက်ဂျက်ဆန် ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားကြောင်း သိရပါတယ်။ ဘန်လေအသင်းက နည်းပြသစ်ခန့်အပ်ရန် လီဗာပူးလ်ကစားသမားဟောင်း ဂျရတ် ကိုလည်း လျာထားစာရင်းထဲ ထည့်သွင်းထားပေမယ့် အလိုလားဆုံးကတော့ ဝေးလ်စ်လက်ရွေးစင်နည်းပြ ဘယ်လာမီ ဖြစ်ကြောင်း သိရပါတယ်။(NVS 008)