“အီရန်စစ်ပွဲနှင့်ပတ်သက်၍ ရက်ပေါင်း ၆၀ သတ်မှတ်ချက်နှင့် ရင်ဆိုင်နေရသည့် ထရမ့်အစိုးရက စစ်ပွဲပြီးဆုံး သွားပြီဟုတုံ့ပြန်”
02 May
အီရန်စစ်ပွဲနှင့်ပတ်သက်၍ ရက်ပေါင်း ၆ဝ ကန့်သတ်ချက်နှင့် ရင်ဆိုင်နေရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ထိုစစ်ပွဲသည် ဧပြီလဆန်းပိုင်းတွင်စတင်သော အပစ်အခတ်ရပ်စဲရေးကြောင့် ပြီးဆုံး သွားပြီဖြစ်ကြောင်း ငြင်းချက်ထုတ် တုံ့ပြန်လိုက်သည်ဟုသိရသည်။ အစိုးရအနေဖြင့် စစ်ရေးလှုပ်ရှားမှုများအတွက် လွှတ်တော်၏ခွင့်ပြုချက် ရယူရမည့်ကိစ္စကို ရှောင်လွှဲရန် ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေအရ သမ္မတသည် လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ စစ်ရေးလှုပ်ရှားမှုများကို ရက်ပေါင်း ၆၀ ထက်ကျော်လွန်၍ ဆောင်ရွက်ခွင့်မရှိပေ။ ထိုသတ်မှတ် ရက်မှာ မေလ ၁ ရက်တွင် ပြည့်မြောက်ခြင်းဖြစ်သည်။ သို့သော် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် က အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် စစ်ပွဲကိုရပ်တန့်စေခဲ့ပြီးဖြစ်၍ လွှတ်တော်၏ခွင့်ပြုချက်ရယူရန် သတ်မှတ်ရက်ကိုလည်း ဆိုင်းငံ့လိုက်ရာရောက်ကြောင်း ဧပြီလ ၃၀ ရက်တွင် အထက်လွှတ်တော်၌ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက်တွင်စတင်သည့် တိုက်ခိုက်မှုများသည် ဥပဒေကြောင်းအရ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရအဆင့်မြင့် အရာရှိတစ်ဦးကလည်းပြောသည်။ ဧပြီလ ၇ ရက်တွင် စတင်သည့် နှစ်ပတ်ကြာအပစ်အခတ် ရပ်စဲရေးနောက်ပိုင်း အမေရိကန်နှင့်အီရန်တို့ကြား အပြန်အလှန်ပစ်ခတ်မှု မရှိတော့ကြောင်း ၎င်းကဆိုသည်။