“အီရန်က အမေရိကန်သို့ အဆိုပြုချက်အသစ်ပေးပို့”
02 May
အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်နေစဉ် အီရန်အစိုးရက ကြားခံဖြစ်သည့် ပါကစ္စတန်မှတစ်ဆင့် ဆွေးနွေးမှုအတွက် အဆိုပြုချက်အသစ်တစ်ရပ်ကို အမေရိကန်သို့ပေးပို့လိုက်ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက မေလ ၁ ရက်တွင် ဖော်ပြထားသည်။ ယင်းအဆိုပြုချက်မူကြမ်းကို ဧပြီလ ၃၀ ရက် ညပိုင်းတွင် ပါကစ္စတန်သို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း IRNA သတင်းဌာနကဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့၏ အလစ်အငိုက်တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သော အီရန်စစ်ပွဲသည် ဧပြီလ ၈ ရက်မှ စတင်၍ ယာယီရပ်တန့်နေသော်လည်း နှစ်ဖက်ကိုယ်စားလှယ်များကြား တိုက်ရိုက်ဆွေးနွေးမှု တစ်ကြိမ်သာရှိခဲ့ပြီး ဆွေးနွေးမှုမှာမအောင်မြင်ခဲ့ပေ။ လက်ရှိတွင် အီရန်က ဟော်မုရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားသဖြင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် မြေဩဇာတင်ပို့မှုများ ပြတ်တောက်နေသကဲ့သို့ အမေရိကန်ကလည်း အီရန်၏ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ထားသည့်အပြင် ထိုပိတ်ဆို့မှုမှာ လပေါင်းများစွာကြာမြင့်နိုင်ကြောင်း ထရမ့် က ပြောထားသည်ဟုသိရသည်။