“မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ဖောက်ယူရာ သဘာဝ ဓာတ်ငွေ့များတိုးတက်ထွက်ရှိ”

30 Apr

ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ်(၁၄)ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍတွင် စွမ်းအင် အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ပြည်ပမှ စွမ်းအင်သွင်းကုန်များလျှော့ချပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာကိစ္စရပ်များကို ရေတို/ရေရှည်အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိတဲ့အပြင် ပြည်တွင်း၌ ရေနံထွက် ပစ္စည်းများကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန် ခေတ်မီရေနံချက်စက်ရုံအသစ် တည်ဆောက်ခြင်း၊ ပြည်တွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးလုပ်ငန်းများ ဆောင်ရွက် စေခြင်းများကို လုပ်ဆောင်လျက်ရှိပါတယ်။ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ်(၁၄)မှ ပါးလွှာသဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များအား ရန်ကုန်မြို့ရှိ ရွာမသဘာဝဓာတ်ငွေ့ ထိန်းဖြန့် စခန်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အဖျောက်၊ မအူပင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့မြေများတွင် ပါးလွှာသဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ CNG သုံးမော်တော်ယာဉ်များ၊ ဓာတ်မြေဩဇာစက်ရုံများ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ အတွင်းရှိ စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍတို့တွင် ဖြန့်ဖြူးသုံးစွဲ လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

30 Apr

ADVERTISE HERE .