“ဟော်မုဇ်ရေလက်ကြားကို ကာလရှည်ကြာ ပိတ်ဆို့ထားရေးပြင်ဆင်ရန် ထရမ့် က ညွှန်ကြားထားဟုဆို”
30 Apr
အမေရိကန်ရေတပ်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ကာလရှည်ကြာ ပိတ်ဆို့ထားနိုင်ရေး ပြင်ဆင် ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ညွှန်ကြားထားသည်ဟု The Wall Street Journal သတင်းစာက ဖော်ပြထားသည်။ စစ်ပွဲကာလ သုံးလအတွင်း ရောက်ရှိလာချိန်တွင် အီရန်အပေါ် စီးပွားရေးအရဖိအားပေးမှုများ အရှိန်မြှင့်ရန် ထရမ့် က ယခုကဲ့သို့စီစဉ်ခြင်းဖြစ်သည်။ အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်လုပ်မည့် မည်သည့်သင်္ဘောကိုမဆို တားဆီးခြင်းဖြင့် အီရန်၏ ရေနံ တင်ပို့နိုင်စွမ်းကို ဆက်လက်ဖိအားပေးရန် ထရမ့် က ဧပြီလ ၂၈ ရက်ညပိုင်းတွင် ဆုံးဖြတ်ခြင်းဖြစ်သည်။ အီရန် နိုင်ငံက ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန် တောင်းဆိုထားသော်လည်း ထိုကမ်းလှမ်း ချက်မှာ ရိုးသားမှုမရှိဟုဆိုကာ ထရမ့် က ပယ်ချထားသည်။ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ ဘရန့်ရေနံစိမ်းတစ်စည်လျှင် ၁၁၁ ဒေါ်လာအထက်သို့ မြင့်တက်သွားသည်။ စစ်ပွဲကြောင့်ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုများကြောင့် ဧပြီလ ၂၈ ရက် တွင် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)က OPEC အဖွဲ့မှနုတ်ထွက်ကြောင်း ကြေညာထားသည်။ ဧပြီလ ၇ ရက်ဝန်းကျင်တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သော်လည်း အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုက အဖြေမထွက်သေးဘဲဖြစ်နေသည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု၏ ငါးပုံတစ်ပုံဖြတ်သန်း ရာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် အာရှနှင့် အာဖရိကဒေသများတွင် လောင်စာဆီခွဲတမ်းဖြင့် သုံးစွဲနေရကြောင်းသိရသည်။