“ပူတင်နှင့် တစ်နာရီခွဲကြာ ပွင့်လင်းစွာဆွေးနွေးမှုတွင် ရလဒ်များစွာရရှိဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဆို”

28 Apr

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က ၎င်းအနေဖြင့် ရုရှားသမ္မတ ပူတင် နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့တွင် ဧပြီလ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက် တစ်နာရီခွဲကြာ ပွင့်လင်းစွာဆွေးနွေးမှုတွင် ရလဒ်များစွာရရှိခဲ့ကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသော အာရက်ဂ်ချီ က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ခဲ့ရာ တွေ့ဆုံ ဆွေးနွေးမှုအတွင်း နှစ်ဖက်အနေဖြင့် အီရန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းရေးရာ ကိစ္စရပ်များအပြင် အမေရိကန်နှင့် အစ္စရေးတို့က စတင်ခဲ့သော ကျူးကျော်စစ်ပွဲစသည်တို့ အပါအဝင် အကြောင်းအရာအများအပြားကို အသေးစိတ် ဆွေးနွေးသုံးသပ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် အကျိုးရှိသော အကြံပြုချက်များစွာကိုလည်း အဆိုပြုခဲ့ကြကြောင်း၊ လက်ရှိတွင် အီရန်-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေခံ တည်ငြိမ်ခိုင်မာကြောင်း ဖော်ပြခဲ့သည်။ ရုရှားသာမက တစ်ကမ္ဘာလုံးက အီရန်ပြည်သူများကို လေးစားကြကြောင်း၊ ၎င်းတို့ရဲ့ အမေရိကန် ခုခံတော်လှန်ရေးကို လေးစားခြင်းဖြစ်ကြောင်း ပူတင် က ပြောကြားခဲ့သည်ဟု အာရက်ဂ်ချီ က ဆိုသည်။ အာရက်ဂ်ချီ ကလည်း ဤမမျှတသည့် အဓမ္မစစ်ပွဲတွင် အီရန်အပေါ် ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား အခြေအနေ သစ်တွင် ဆက်လက်အားဖြည့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အလားတူပင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် ကလည်း ပူတင် နှင့် အာရက်ဂ်ချီ ၏ တွေ့ဆုံဆွေးနွေးမှုမှာ ရလဒ်များစွာ ရရှိသလို အပြုသဘောဆောင်မှု များစွာရှိကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

28 Apr

ADVERTISE HERE .