“အစ္စရေးဝန်ကြီးချုပ်ဟောင်း နှစ်ဦးက ပူးတွဲ၍ နိုင်ငံရေးပါတီသစ် ထူထောင်၊ နေတန်ယာဟုကို အနိုင်ရရန် ကြိုးပမ်း”
28 Apr
အစ္စရေးဝန်ကြီးချုပ်ဟောင်း Naftali Bennett နှင့် အခြား အစ္စရေးဝန်ကြီးချုပ်ဟောင်း၊ အတိုက်အခံပါတီ Yesh Atid ခေါင်းဆောင် Yair Lapid တို့သည် ဧပြီလ ၂၆ ရက်တွင် ညီညွတ်ရေးအမည်ရှိ ညွန့်ပေါင်းနိုင်ငံရေးပါတီကို တရားဝင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ်အောက်တိုဘာလတွင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွင်း လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု အုပ်စုကို အနိုင်ယူရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ Bennett နှင့် Lapid သည် ၎င်းတို့နှစ်ဦး ဦးဆောင်သော နိုင်ငံရေးပါတီအား ပေါင်းစည်းကြောင်း ထိုနေ့ အစ္စရေးနိုင်ငံ၊ ပင်လယ်ကမ်းစပ်မြို့ဖြစ်သည့် Herzliya တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။ Bennett က ၎င်းဦးဆောင်မည့် နိုင်ငံရေးပါတီသစ်သည် ရွေးကောက်ပွဲတွင် အနိုင်ရရန် အားစိုက်ဆောင်ရွက်သွားပြီး နိုင်ငံအတွက် အဆင့်သစ်တစ်ခုကို ဖွင့်လှစ်သွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းနှင့် Lapid တို့သည် ကိစ္စရပ်တော်တော် များများတွင် သဘောထားကွဲလွဲမှုတွေ ရှိနေသော်ငြားလည်း အစ္စရေးပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ပခုံးချင်း ယှဉ်ပြီး တိုက်ပွဲဝင်လို့ရတယ်ဟု ပြောကြားခဲ့ပြီး ဤပူးတွဲဆောင်ရွက်မှုက တစ်ပြည်လုံးကို ကွဲပြဲတဲ့ခေတ်က ကုန်ဆုံး သွားပြီ၊ ပြုပြင်ပြောင်းလဲတဲ့ခေတ် ရောက်ရှိလာပြီဟူသော သတင်းစကားပါးခဲ့ကြောင်း ၎င်းက အလေးပေးပြောကြား ခဲ့သည်။ Bennett က အကယ်၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ကျွမ်းကျင်ပညာရှင်များဖြင့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရာထူးတာဝန်ယူသည့်နေ့တွင်ပင် အမျိုးသားစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ထူထောင်ကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးအပေါ် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု(ဟားမက်စ်)၏ တိုက်ခိုက်မှုဖြစ်ရပ်အမှန်တရားကို စစ်ဆေးရှာဖွေပြီး ဝန်ကြီးချုပ်ရာထူးသက်တမ်း ကန့်သတ်ခြင်း၊ စစ်မှုထမ်းရန်ပျက်ကွက်သူများအား ရန်ပုံငွေထောက်ပံ့မှုရပ်တန့်ခြင်း အပါအဝင် မူဝါဒများကို မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ Lapid က အစ္စရေးအနေဖြင့် ဦးတည်ချက်ပြောင်းလဲရန် လိုအပ်ရာ ညွန့်ပေါင်းနိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသည် ဤရည်မှန်းချက်အတွက် ပထမခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် Bennett အား ထောက်ခံ အားပေးရန် ၎င်းက အစ္စရေးအလယ်အလတ်ဝါဒီ နိုင်ငံရေးအင်အားစုများအား တိုက်တွန်းခဲ့သည်။ အစိုးရသစ်သည် လုံခြုံရေး၊ ပညာရေး၊ လူနေမှုဘဝ ကုန်ကျစရိတ်လျှော့ချခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစသည့် ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂျူးရှေးရိုးစွဲဘာသာရေးဂိုဏ်းဝင်များ စစ်မှုထမ်းရန် တွန်းအားပေးဆောင်ရွက်သွားမည်ဟုလည်း Lapid က ပြောကြား ခဲ့သည်။ Bennett က အစ္စရေးစစ်ဦးစီးချုပ်ဟောင်း Gadi Eisenkot ဦးဆောင်သော Yashar ပါတီအား ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထိုနေ့ညပိုင်း အခြားအခမ်းအနားတစ်ခုတွင် Eisenkot က Bennett နှင့် Lapid အား ကျွန်တော့်ရဲ့ မဟာမိတ်ဖြစ်သည်ဟု ဆိုခဲ့ပြီး ညီညွတ်ရေးပါတီ ထူထောင်မှုအပေါ်ဂုဏ်ပြုကြောင်း၊ တစ်ချိန်တည်း မှာပင် ၎င်းက ဤနိုင်ငံရေးပါတီသစ်သည် နေတန်ယာဟု အား ထောက်ခံသော လက်ယာယိမ်းအုပ်စုမှ ဆန္ဒမဲရရှိရန် ခက်ခဲကြောင်း အရိပ်အမြွက်ထား ပြောကြားခဲ့သည်ဟု The Times of Israel က သတင်းထုတ်ပြန်ခဲ့သည်။ Bennett သည် လက်ယာယိမ်းဖြစ်ပြီး Lapid သည် အလယ်အလတ်ဝါဒီဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦး ပူးပေါင်းခြင်းသည် အစ္စရေးနိုင်ငံရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်နိုင်မည်ဟု မျှော်လင့်ရသော်လည်း နိုင်ငံရေး အုပ်စုများ၏ လက်ရှိအင်အားချိန်ခွင်လျှာအပေါ် လက်တွေ့သက်ရောက်မှုကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း အစ္စရေးမီဒီယာများ၏ သုံးသပ်မှုအရ သိရသည်။ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် Bennett နှင့် Lapid တို့သည် လက်တွဲ၍ ၁၂ နှစ်ဆက်တိုက် အာဏာ လက်ကိုင်ထားသည့် နေတန်ယာဟု ကို အနိုင်ရခဲ့သည်။ ယင်းနောက် ဖွဲ့စည်းခဲ့သော ညွန့်ပေါင်းအစိုးရတွင် လက်ယာ ယိမ်း၊ အလယ်အလတ်ဝါဒီနှင့် လက်ဝဲယိမ်း နိုင်ငံရေးပါတီများ ပါဝင်ခဲ့သော်လည်း ပါလက်စတိုင်း-အစ္စရေး အရေးစသည့် အရေးပါသောကိစ္စရပ်များတွင် ပြင်းထန်သောသဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ရာ ၁၈ လသာ တာဝန် ထမ်းဆောင်ခဲ့သည်။ နေတန်ယာဟုသည် ၂၀၂၂ ခုနှစ်ကုန်တွင် အာဏာပြန်လည်ရရှိပြီး အစ္စရေး၏ သမိုင်းဝင် လက်ယာအယိမ်းဆုံးဟု ယူဆရသည့်အစိုးရကို ဖွဲ့စည်းခဲ့သည်။ (Repost from Xinhua Myanmar)