“အမေရိကန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟူသောသတင်းကို အီရန်ငြင်းဆို”

25 Apr

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ချီ ၏ ပါကစ္စတန်နိုင်ငံခရီးစဉ်တွင် အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုအသစ် ပြုလုပ်မည်ဟူသောသတင်းများကို အီရန်အစိုးရက ဧပြီလ ၂၅ ရက်အစောပိုင်းတွင် ငြင်းဆို လိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏ကိုယ်စားလှယ်များဖြစ်သော စတိဝစ်ကော့ နှင့် ဂျရတ်ကုရှနာ တို့ကို ဆွေးနွေးပွဲများပြန်လည်စတင်ရန် ပါကစ္စတန်သို့ စေလွှတ်သွားမည်ဟူသော သတင်းများ ထွက်လာပြီးနောက် အီရန်ဘက်က ယခုကဲ့သို့တုံ့ပြန်ခြင်းဖြစ်သည်။ ထိုခရီးစဉ်အတွင်း အီရန်နှင့် အမေရိကန်တို့ကြား မည်သည့်တွေ့ဆုံမှုမျှပြုလုပ်ရန် အစီအစဉ်မရှိကြောင်းနှင့် အီရန်အစိုးရ၏ သဘောထားများကို ပါကစ္စတန်အစိုးရထံသို့သာ အသိပေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အစ္စမေးဘာကေးအီ ကပြောသည်။ နိုင်ငံခြားရေးဝန်ကြီး၏ ပါကစ္စတန်၊ အိုမန်နှင့် ရုရှားနိုင်ငံခရီးစဉ်များသည် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်နိုင်ငံကိစ္စရပ်များကို မဟာမိတ်များနှင့် ညှိနှိုင်း တိုင်ပင်ရန်ဖြစ်ပြီး အမေရိကန်နှင့်အစ္စရေးတို့၏ ကျူးကျော်မှုများရပ်တန့်သွားစေရန် သံတမန်ရေးအရကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြထားသည်။ အမေရိကန်ဘက်တွင်မူ အိမ်ဖြူတော်က ကိုယ်စားလှယ်နှစ်ဦးကို အစ္စလာမ်မာဘတ်သို့ စေလွှတ်မည် ဖြစ်ကြောင်း ကြေညာထားပြီး ဆွေးနွေးမှုများတိုးတက်မှုရှိပါက ဒုတိယသမ္မတ ဂျေဒီဗန့် ကိုပါ ထပ်မံစေလွှတ်ရန် အသင့်ပြင်ထားကြောင်းသိရသည်။

25 Apr

ADVERTISE HERE .