“CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခုလုံးအား တပ်မတော်ကအလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်”
25 Apr
CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် ၁၀၉ ကြိမ်ဖြစ်ပွား ပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခုလုံးကို ဧပြီလ ၂၅ ရက်တွင် အလုံးစုံပြန်လည် ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။ ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်က စစ်ကြောင်းများ ခွဲ၍ နယ်မြေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် သာယာကုန်းကျေးရွာ၊ အောက်တိုဘာလ ၃၀ ရက်တွင် နတ်ချောင်းတံတား၊ နိုဝင်ဘာလ ၃ ရက်တွင် ပွိုင့်-၂၂၄၄ တောင်ကုန်း၊ နိုဝင်ဘာလ ၄ ရက်တွင် ကနေဒီတောင်နှင့် ဝေဘူလစခန်း၊ နိုဝင်ဘာလ ၈ ရက်တွင် ပွိုင့် ၂၀၆၄ တောင်ကုန်း၊ နိုဝင်ဘာလ ၉ ရက်တွင် သိုင်းငင်းစခန်း၊ နိုဝင်ဘာလ ၁၇ ရက်တွင် ပွိုင့် ၁၃၆၁ တောင်ကုန်း၊ နိုဝင်ဘာလ ၂၆ ရက်တွင် ဇောင်ကောင်ကျေးရွာ တို့အား ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ဇွယ်လေကျေးရွာ၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထင်းရှူး စခန်းကျေးရွာ၊ မတ်လ ၃၁ ရက်တွင် ပါသဲကျေးရွာ၊ ဧပြီလ ၁၉ ရက်တွင် ဗားတံတား၊ ဧပြီလ ၂၂ ရက်တွင် ခွန်လီ ကျေးရွာ၊ ဧပြီလ ၂၃ ရက်တွင် ပွိုင့် ၁၇၁၀ တောင်ကုန်း၊ ကြောင်ဟင်ရှာကျေးရွာနှင့် ဆွန်ဟရန်ကျေးရွာ၊ ဧပြီလ ၂၄ ရက်တွင် ဆူရ်ဘုန်လေဆိပ်နှင့် ဆီဇာမော်ကျေးရွာ၊ ဧပြီလ ၂၅ ရက်တွင် ဖလမ်းမြို့တို့ကို အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဆိုပါစစ်ဆင်ရေးကာလအတွင်း တိုက်ပွဲကြီး/တိုက်ပွဲငယ် ၁၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ ရုပ်အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကာ လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက ဒေသခံများ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးတို့အတွက် မြေမြှုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်းခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းအပြင် အကြမ်းဖက်အဖွဲ့များဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်များကိုလည်း အမြန်ဆုံးပြန်လည်ပြုပြင် ခြင်းနှင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့များ လုံးဝကင်းစင်ပပျောက်ရေးတို့အတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)