“တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်သတ်မှတ်”
24 Aprအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း Quick Win ရရှိစေမည့် အစီအစဉ်များတွင် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနက တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မည့်အစီအစဉ်လည်းပါဝင်ရာ တစ်ဧကလျှင် တိုးမြှင့် ထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အတိုးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့်ပင် သီးနှံအမျိုးအစားအလိုက် တစ်ဧကလျှင် စပါး၊ ဂျုံ နှင့် ချည်မျှင်ရှည်ဝါ(မျိုးစေ့ထုတ်)အတွက် ယခင်တစ်ဧက ကျပ်တစ်သိန်းခွဲမှ ယခု ကျပ်သုံးသိန်း အထိ တိုးမြှင့်ထုတ်ချေးပေးမှာဖြစ်ပါတယ်။ အခြားသီးနှံ ၁၈ မျိုးကိုလည်း ယခင်တစ်ဧက ကျပ်တစ်သိန်းမှ ယခု ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့ကိုလည်း ယခင်တစ်ဧက ကျပ်တစ်သိန်းမှ ယခု ကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းတည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများကို သက်သာသောအတိုးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် တန်ဖိုးနည်း လက်တွန်းထွန်စက်၊ ရေစုပ်စက်၊ ရေတင်စက်မှအစ တန်ဖိုးမြင့်မားသော အခြောက်ခံစက်(Dryer)၊ သိုလှောင်ရုံ(Silo)၊ ဆန်စက်များ စသည့် လယ်ယာသုံးစက်ကိရိယာများကို အတိုးနှုန်း ၆ ရာခိုင်နှုန်း၊ ချေးငွေပမာဏ ကျပ်သိန်း ၃,၀၀၀ အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃,၀၀၀ အထက်တစ်ကဏ္ဍ တိုးမြှင့်ထုတ်ချေးပေးမှာဖြစ်ပါတယ်။ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မိုးရာသီစိုက်ပျိုးချိန်အမီ ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်မှ စတင်၍ ထုတ်ချေးမည်ဖြစ်ရာ ယခင်ချေးငွေများအား ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲများသို့ အမြန်ဆုံးဆက်သွယ်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိပါတယ်။(NVS 004)