“စွမ်းအင်အတွက် ရေနံထုတ်လုပ်မှုတိုးမြှင့်ပေးရန် ဆော်ဒီအာရေဗျကို ဂျပန်တောင်းဆို”

24 Apr

အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများ ဖြစ်ပွားနေစဉ်အတွင်း ရေနံစိမ်းများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့မှုအတွက် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်အား ဂျပန်ဝန်ကြီးချုပ်တာကာ အိချီ ဆာနာအဲ က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စွမ်းအင်ထောက်ပံ့မှုတည်ငြိမ်စေရေးအတွက် ရေနံထုတ်လုပ်မှုတိုးမြှင့်ရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့သည် ဧပြီလ ၂၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းပဋိပက္ခများကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ရသောပျက်စီးဆုံးရှုံးမှု များအတွက်လည်း ဂျပန်ဘက်မှစာနာကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ဂျပန်နိုင်ငံသားများကို ကယ်ထုတ်ရာတွင် ဆော်ဒီအာရေဗျ၏ပူးပေါင်းကူညီမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ပဋိပက္ခများဖြစ်ပွားနေသော်လည်း ပင်လယ်နီလမ်းကြောင်းမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ရေနံစိမ်းများ ဆက်လက်ပို့ဆောင်နိုင်ရေးကိုဆော်ဒီဘက်မှ ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျဘက်မှလည်း ဂျပန်နှင့်အခြားနိုင်ငံများသို့ စွမ်းအင်ထောက်ပံ့မှု မပြတ်တောက်စေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ပြန်လည် ပြောကြားပြီး ဒေသတွင်းတည်ငြိမ်မှုကို ထောက်ပံ့ရန်နှင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

24 Apr

ADVERTISE HERE .