“အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်များ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးနဲ့ စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး”

24 Apr

နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်များမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေး အမိန့်အမှတ် (၃/၂ဝ၂၆) နဲ့ ဧပြီလ ၂၃ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့)တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း(သို့) ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ၁၂၄-ဂ)၊ တပ်မတော်သားများ(သို့) အစိုးရအမှုထမ်းများကို ဟန့်တားခြင်း(သို့) နှောက်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)တို့ကို ကျူးလွန်ပါက စစ်ခုံရုံးနဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးကို ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရား အသင်း အက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများကျူးလွန်ပါက စစ်ခုံရုံးနဲ့ စစ်ဆေးမှာဖြစ်ပါတယ်။ အဆိုပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးကပြစ်မှုထင်ရှားပါက တည်ဆဲဥပဒေများနှင့်အညီ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင် ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံး ပြစ်ဒဏ်တို့ကိုချမှတ်နိုင်ပေမယ့် သေဒဏ်စီရင်ပါက အခုလိုစီရင်ခြင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်၊ နှစ်အကန့်အသတ်မရှိထောင်ဒဏ်စီရင်ပါကလည်း ထိုသို့စီရင်ခြင်းက သက်ဆိုင်ရာတိုင်းမှူးတို့၏ အတည်ပြုချက်ရရှိမှသာအတည်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ခုံရုံးများကချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက်များက အယူခံပိုင်ခွင့်မရှိဘဲ သေဒဏ် စီရင်ပါက ပြစ်ဒဏ်ချမှတ်ခံရတဲ့နေ့မှ ၁၅ ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ၊ အခြားပြစ်ဒဏ်ချမှတ် ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခံရတဲ့နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာတိုင်းမှူးထံသို့ ပြင်ဆင်မှုလျှောက်ထား နိုင်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့) သက်ဆိုင်ရာ တိုင်းမှူးများသည် မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်နိုင်ကာ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကိုလျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း တို့ပြုလုပ်နိုင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့)သက်ဆိုင်ရာတိုင်းမှူးများက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာလုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်တိုးမြှင့်နိုင်တယ်လို့ အသိပေးခဲ့ပါတယ်။ (NVS 004)

24 Apr

ADVERTISE HERE .