“အီရန်နှင့်ဖြစ်ပွားသည့်စစ်ပွဲအတွင်း အမေရိကန်၏ အရေးပါသည့် ဒုံးကျည်အရန် စုဆောင်းထားရှိမှုများ လျော့နည်းသွားဟုဆို”

23 Apr

အမေရိကန်တပ်မတော်သည် အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်း အရေးပါသည့် ဒုံးကျည်အရန်စုဆောင်း ထားရှိမှုများ လျော့နည်းသွားခဲ့ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန(CSIS) က ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြသည်။ ရက်သတ္တခုနစ်ပတ်ကြာ ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲအတွင်း အမေရိကန်၏နည်းပညာ အဆင့်အမြင့်ဆုံးလက်နက် အမြောက်အမြားကုန်ဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအခြေအနေသည် နောင်တွင်ဖြစ်ပွားလာမည့် မည်သည့်ပဋိပက္ခတွင်မဆို အမေရိကန်တပ်များ အတွက် အားနည်းချက်ဖြစ်သွားစေနိုင်သည့် ကာလတိုဘေးအန္တရာယ်ကို ဖန်တီးလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လျော့နည်းသွားသည့် လက်နက်များအနက် ပစ်မှတ်ကိုတိကျစွာ ထိမှန်နိုင်စွမ်းရှိသည့် ဒုံးကျည် ၄၅ ရာခိုင်နှုန်း၊ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ၅၀ ရာခိုင်နှုန်းနီးပါးနှင့် မြေပြင်မှဝေဟင်ပစ် THAAD ဒုံးကျည်များ၏ ထက်ဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းများသည် ပင်တဂွန်စစ်ဌာနချုပ်၏ လျှို့ဝှက်ဆန်းစစ်ချက်များနှင့် များစွာထပ်တူညီလျက် ရှိကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။ အမေရိကန်တပ်မတော်အနေဖြင့် အရှေ့အလယ်ပိုင်းတွင် စစ်ဆင်ရေးများဆက်လက်လုပ်ဆောင်ရန် လုံလောက်သောစစ်အင်အားရှိသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြား ထားသော်လည်း ယခုကဲ့သို့ လက်နက်အင်အားလျော့နည်းသွားမှုသည် အခြားနေရာများ၊ အထူးသဖြင့် တရုတ်နိုင်ငံ ကဲ့သို့သော အင်အားတူပြိုင်ဘက်နှင့် အကြီးစားစစ်ပွဲတစ်ခုဆင်နွှဲနိုင်မည့် အမေရိကန်၏ စွမ်းဆောင်ရည်ကိုများစွာ ထိခိုက်စေကြောင်း CSIS အစီရင်ခံစာက သတိပေးထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Apr

ADVERTISE HERE .