“အီရန်နှင့် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကို ထရမ့် ထပ်မံသက်တမ်းတိုး”
23 Apr
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံ၏ တုံ့ပြန်မှုအပေါ် မရေမရာဖြစ်လျက်ရှိသော်လည်း နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် အချိန်ပိုမိုရရှိစေရေးအတွက် အီရန်နှင့်အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်း တိုးခဲ့ကြောင်းသိရသည်။ အဆိုပါအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီလ ၂၁ ရက်ညနေပိုင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အီရန်အစိုးရဘက်မှ ၎င်းတို့၏ အဆိုပြုချက်များကိုတင်ပြပြီး နှစ်ဦးနှစ်ဖက်အကြား ညှိနှိုင်းမှုများ အပြီးသတ်လုပ်ဆောင်နိုင်ခြင်း မတိုင်မီအထိ အပစ်အခတ်ရပ်စဲမှုကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ထရမ့် က ကြေညာခဲ့ခြင်းဖြစ်သည်။ ထရမ့် ၏ ဆုံးဖြတ်ချက်သည် ချက်ချင်းဖြစ်ပွားလာနိုင်သည့် ပဋိပက္ခအရှိန်အဟုန်ကို လျှော့ချပေးနိုင်ခဲ့သော်လည်း နှစ်နိုင်ငံအကြားရှိ အဓိကသဘောထားကွဲလွဲမှုများကိုမူ မဖြေရှင်းနိုင်သေးကြောင်း သိရသည်။ သို့ရာတွင် ထရမ့်၏ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် အီရန်အနေဖြင့် အပစ်အခတ်ရပ်စဲမှု သက်တမ်း တိုးခြင်းကို အသိအမှတ်မပြုကြောင်းနှင့် ၎င်းတို့၏အမျိုးသားအကျိုးစီးပွားကို အခြေခံ၍ အပစ်အခတ်ရပ်စဲမှုကို လိုက်နာရန် သို့မဟုတ် မလိုက်နာရန်မှာ အီရန်နိုင်ငံ၏ရွေးချယ်မှုသာဖြစ်ကြောင်း ရပ်တည်ချက်ကို ထုတ်ဖော် ပြောကြားထားသည်။ အမေရိကန်အစိုးရအနေဖြင့် အီရန်နှင့်၎င်းတို့အကြား သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်သည့်အချိန်အထိ အပစ်အခတ်ရပ်စဲခြင်းကို အချိန်ကာလအကန့်အသတ်မရှိ သက်တမ်းတိုးမြှင့်ထားရန် ဆန္ဒရှိနေကြောင်းသိရသည်။ တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခြင်းမပြုရန် အမေရိကန်အစိုးရအား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံကလည်း တောင်းဆိုထားသည်ဟု Iv သတင်း ဌာနဖော်ပြချက်အရ သိရသည်။