“အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ”
23 Apr
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် က အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ကို ဧပြီလ ၂၁ ရက်မှာ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ အခုလိုတွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးမှာ အာဆီယံမဏ္ဍိုင် ၃ ရပ်အောက်မှတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် အာဆီယံတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ အပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးများကျင်းပ၍ ဧပြီလ ၁၀ ရက်မှာ အစိုးရသစ်ကိုဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက်လည်း နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် AHA စင်တာမှတစ်ဆင့် သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)