“မြန်မာနိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့အား လက်ခံတွေ့ဆုံ”
23 Apr
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew တို့ကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံက အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သံတမန်ဆက်ဆံမှုများ ရှည်ကြာကောင်းမွန်လျက်ရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများပပျောက်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ လျှော့ချနိုင်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရန်၊ နယ်စပ်ဒေသကုန်သွယ်မှုများ မြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးနောက် ပြည်သူများကရွေးချယ်တဲ့ အစိုးရအဖွဲ့မှ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးအတွက် ဖိတ်ခေါ်ထားရှိမှု၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်များမှာ ပါဝင်တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာများ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားအချက်များကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်နှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)