“ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ဖိတ်ခေါ်”
23 Apr
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီးကြိုတင်ကန့်သတ်ချက်များမထားတဲ့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာဖိတ်ခေါ်တယ်လို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ဧပြီလ ၂၁ ရက် ညပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း နိုင်ရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရန် အထူးလိုအပ်သည်ကို ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ NCA ပါ သဘောတူညီချက်များကို ပြီးစီးအောင်မြင်သည်အထိ အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးရန်၊ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ မိမိတို့ ဒေသနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက်သဘောတူညီထားသည့် သဘောတူညီချက်များအတိုင်း နိုင်ငံတော် အစိုးရနှင့် လက်တွဲပူးပေါင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြပါရန်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထို့အတူ NCA လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု(Political Dialogue)များ ပြန်လည်လုပ်ဆောင်ရန်လည်း ပါရှိပါတယ်။ ယခုဖိတ်ခေါ်ထားမှုမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှစ၍ ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးဆန္ဒကိုရှေးရှုပြီး နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်နှင့် ထိရောက်သော ငြိမ်းချမ်းရေးဆွေးနွေးမှု များ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ Stakeholder များမှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရန်လည်း တိုက်တွန်းထားပါတယ်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်သမ္မတရုံးတို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာများကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်း ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ (NVS 004)