“Laureus World Sports Awards အခမ်းအနားတွင် တင်းနစ်လောကမှ အယ်ကာရက်ဇ်နှင့် ဆာဘာလင်ကာတို့ အကောင်းဆုံးဆုများ ဆွတ်ခူး”
22 Apr
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပခဲ့သော Laureus World Sports Awards ဆုပေးပွဲ အခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားဆုနှင့် အမျိုးသမီးအားကစားမယ်ဆုတို့ကို တင်းနစ်လောကမှ ကမ္ဘာ့အဆင့်(၁) စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ် နှင့် ကမ္ဘာ့အဆင့်(၁) ဘယ်လာရုစ်တင်းနစ်မယ် ဆာဘာ လင်ကာ တို့က ဆွတ်ခူးခဲ့ကြောင်း TSN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အယ်ကာရက်ဇ် အနေနဲ့ ၂၀၂၅ ခုနှစ် တင်းနစ်ရာသီကို ကမ္ဘာ့အဆင့်(၁)နေရာဖြင့် အဆုံးသတ်နိုင်ခဲ့ကာ ၂၀၂၅ ခုနှစ်အတွင်း အောင်မြင်မှုများစွာရရှိခဲ့ပြီး ဂရန်းစလန်းဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အလားတူ ဆာဘာ လင်ကာ သည်လည်း ၂၀၂၅ ခုနှစ် တင်းနစ်ရာသီကို ကမ္ဘာ့အဆင့်(၁)နေရာဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် တင်းနစ်ရာသီအတွင်း ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံကို ကာကွယ်နိုင်ခဲ့ပြီး ပြင်သစ်အိုးပင်း ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အယ်ကာရက်ဇ် က တစ်နှစ်တာအကောင်းဆုံး အမျိုးသားဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူကြောင်းနဲ့ ဒီဆုဟာ အားကစားကဏ္ဍအသီးသီးက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေထဲက အကောင်းဆုံးဆိုတဲ့ ကစားသမားကို ရွေးချယ်တာဖြစ်လို့ အားကစားလောကအတွက် ဂုဏ်ယူစရာကောင်းတဲ့ ဆုတစ်ဆုဖြစ်ကြောင်း ပြောခဲ့ပါတယ်။ (NVS 008)