“လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်”

22 Apr

၂၀၂၆ ခုနှစ် မေလ ၁ ရက်မှစတင်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အမှတ်(၅)အဆန် ရန်ကုန်-မန္တလေးခရီးစဉ်ကို နံနက် ၆ နာရီတွင်ထွက်ခွာပြီး ညနေ ၄ နာရီတွင် ရောက်ရှိမှာဖြစ်ပြီး ကြာချိန် ၁၀ နာရီရှိမှာဖြစ်ပါတယ်။ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန်ခရီးစဉ်ကို နံနက် ၆ နာရီတွင် ထွက်ခွာပြီး ညနေ ၄ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပြီး ကြာချိန် ၁၀ နာရီ ၁၀ မိနစ်ဖြစ်ပါတယ်။ လမ်းခရီး တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမှာဖြစ်ပြီး လက်မှတ်ခများမှာ အထက်တန်းအတွက် ငွေကျပ် ၄၈၀၀၀ ကျပ်နှင့် ပထမတန်းအတွက် ၃၄၀၀၀ ကျပ် ဖြစ်ပါတယ်။ ဒါ့အပြင် လေအေးပေးစက်ပါ DEMU လူစီးရထားဖြင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် အမှတ်(၃၁)အဆန် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို နံနက် ၁၀ နာရီတွင်ထွက်ခွာပြီး ညနေ ၃ နာရီတွင် ရောက်ရှိမှာ ဖြစ်ပြီး ကြာချိန် ၅ နာရီရှိမှာဖြစ်ပါတယ်။ အမှတ်(၃၂)အစုန် နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို ၁၀ နာရီတွင်ထွက်ခွာပြီး ညနေ ၃ နာရီတွင် ရောက်ရှိမှာဖြစ်ပြီး ကြာချိန် ၅ နာရီရှိမှာဖြစ်ပါတယ်။ လမ်းခရီးတွင် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့တွင် ရပ်နားပေးမှာဖြစ်ပြီး လက်မှတ်ခများမှာ ယခင်နှုန်းထားများအတိုင်း ဖြစ်ပါတယ်။ ထို့အတူ လေအေးပေးစက်ပါ DEMU လူစီးရထားဖြင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို မွန်းလွဲ ၁၂ နာရီခွဲတွင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲတွင် ရောက်ရှိမှာဖြစ်ပြီး ကြာချိန် ၅ နာရီရှိမှာဖြစ်ပါတယ်။ အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို ၁၂ နာရီခွဲ တွင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲတွင် ရောက်ရှိမှာဖြစ်ပြီး ကြာချိန် ၅ နာရီရှိမှာဖြစ်ပါတယ်။ လမ်းခရီးတွင် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့တွင် ရပ်နားပေးမှာဖြစ်ပြီး လက်မှတ်ခများမှာ ယခင်နှုန်းထားများအတိုင်း ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွင်းပြေးဆွဲမည့် အမှတ်(၅)အဆန်/အမှတ်(၆)အစုန် DEMU လူစီး အမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသော အမှတ်(၃၁)အဆန်/အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်/အမှတ်(၈)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment(ORPT)System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထား အနေဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

22 Apr

ADVERTISE HERE .