“အီရန်နှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများဖြေရှင်းနိုင်ရေးအတွက် လုပ်ဆောင်နေသည့် ဆွေးနွေးညှိနှိုင်းမှုများတွင် ခိုင်လုံသည့်အချက်အလက်များကိုမူ မတွေ့ရဟု ရုရှားပြော”
22 Apr
အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်အစိုးရက လုပ်ဆောင် နေသည့် ဆွေးနွေးညှိနှိုင်းမှုများတွင် ခြိမ်းခြောက်မှုများနှင့် ကတိကဝတ်ပြုမှုများကိုသာ သတိထားမိသော်လည်း ခိုင်လုံသည့်အချက်အလက်များကိုမူ မတွေ့ရသေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က ဧပြီလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်အစိုးရ၏ ခိုင်လုံသည့်အချက်အလက်များကို တွေ့မြင်ရသေးခြင်း မရှိကြောင်း၊ အီရန်အနေဖြင့် ဤအရာကိုလုပ်ဆောင်မည်ဆိုပါက ကြီးပွားတိုးတက်မည်စသည့် ကတိကဝတ်ပြုမှု နှင့်ခြိမ်းခြောက်မှုများကိုသာ တွေ့မြင်ရကြောင်း လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး တာဟာအယ်လ်ဘာအာဝါ နှင့် ပူးတွဲ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။ တစ်ချိန်တည်းမှာပင် ရုရှားအစိုးရအနေဖြင့် အီရန်နိုင်ငံ၏ရပ်တည်ချက်ကို နားလည်ကြောင်း၊ အီရန်အစိုးရ ဘက်ကမူ ၎င်းတို့သည် မရေရာသည့်ကတိအမှားများဖြင့် ထောင်ချောက်ဆင်ခံခဲ့ရပြီးဖြစ်သည်ဟု ပြောကြားထား ကြောင်း လက်ရော့ က ဆက်လက်ပြောကြားထားသည်။ ထို့ပြင် လက်ရှိအရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့်ပဋိပက္ခအား အဆုံးသတ်နိုင်မည့် နည်းလမ်း များအဖြစ် စေ့စပ်ဆွေးနွေးလျက်ရှိသည့် အခြေခံမူများသည် မည်မျှအထိ ရေရှည်ခိုင်မြဲမှုရှိမည်ဆိုသည့်အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံများအနေဖြင့် မည်မျှအထိယုံကြည်မှုရှိနေကြသည်ကို နားလည်ရန် ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံသည် အမေရိကန်ချမှတ်ထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီလ ၂၁ ရက်တွင် စွပ်စွဲပြောဆိုထားသည်။ သို့သော် အီရန်နိုင်ငံက အပစ်ရပ်စဲရေးကို မည်ကဲ့သို့ ချိုးဖောက်ခဲ့သည်ဆိုသည့် ခိုင်လုံသောသာဓကများကိုမူ အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့်လည်း အီရန်နှင့်ချမှတ်ထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်ရန် ဆန္ဒမရှိဟု သမ္မတ ထရမ့် က ဧပြီလ ၂၁ ရက်တွင် CNBC သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့ကြောင်း Iv သတင်းဌာနဖော်ပြချက်အရ သိရသည်။