“အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်ရန် အမေရိကန်နှင့်အီရန်အား ပါကစ္စတန်တောင်းဆို”

22 Apr

အီရန်နှင့်အမေရိကန်တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် အပစ် အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါး က ဧပြီလ ၂၁ ရက်တွင် တောင်းဆိုလိုက်သည်။ အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးရန်အတွက် အီရန်နှင့်အမေရိကန် ကိုယ်စားလှယ်အဖွဲ့များက ပါကစ္စတန်နိုင်ငံသို့ ဧပြီလ ၂၁ ရက်တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့သို့ ရောက်ရှိလာမည်ဟု ပါကစ္စတန် အစိုးရက မျှော်လင့်ထားသည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဂျေဒီဗန့် က ဦးဆောင်ပြီး အီရန်ကိုယ်စားလှယ်အဖွဲ့ကိုမူ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘတ် က ဦးဆောင်မည်ဖြစ်ကြောင်း အယ်လ်ဟာဒက်ရုပ်သံက ထုတ်ပြန်သည်။ သို့သော် အီရန်နိုင်ငံဘက်မှ အဆိုပါစေ့စပ်ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းရှိ/မရှိကို အတိအကျထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ အီရန်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နှင့်စေ့စပ်ဆွေးနွေးရာတွင် အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် အမေရိကန်နှင့်လုပ်ဆောင်မည့် စေ့စပ်ဆွေးနွေးမှု များတွင် နှောင့်နှေးခဲ့ရသည်။ အကြောင်းမှာ အီရန်အနေဖြင့် အမေရိကန်အစိုးရနှင့် စေ့စပ်ဆွေးနွေးရာတွင် ရပ်တည်ချက် ခိုင်မာစွာထားရှိရန် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အီရန်ကိုယ်စားလှယ်အဖွဲ့ အား ဖိအားပေးတောင်းဆိုထားခြင်းကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယခုကျင်းပမည့် စေ့စပ်ဆွေးနွေးပွဲ၌ နှစ်ဦးနှစ်ဖက်အကြား သဘောတူညီချက်ချမှတ်နိုင်ခြင်းမရှိပါက အမေရိကန်အစိုးရက အီရန်အပေါ် ဗုံးကြဲ တိုက်ခိုက်မှုများကို ပြန်လည်စတင်လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထား ကြောင်း သိရသည်။ အလားတူပင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်သည့် ဒုတိယသမ္မတ ဗန့် သည် မဖြစ်နိုင်သည့် တောင်းဆိုချက်များကို လုပ်ဆောင်ခြင်းကြောင့် ၎င်းနှင့်ဆွေးနွေးရန် အီရန်ကိုယ်စားလှယ်အဖွဲ့က အလိုမရှိကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သူ တီဟီရန်တက္ကသိုလ်မှ ပါမောက္ခ မိုဟာမက်မာရန်ဒီ က ပြောကြား ထားကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

22 Apr

ADVERTISE HERE .