“Balikatan စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဂျပန်နိုင်ငံက စစ်သည် ၁,၄၀၀ ဦးကို စေလွှတ်”
21 Apr
ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်စဉ်ပူးတွဲကျင်းပသည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အတွက် ဂျပန်နိုင်ငံက ၎င်းတို့၏စစ်သည် ၁,၄၀၀ ဦးကို စေလွှတ်ခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဧပြီလ ၂၀ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ ဂျပန်တပ်မတော်အနေဖြင့် ယခုစစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝပါဝင်ခဲ့ခြင်းဖြစ်ပြီး စစ်သင်္ဘောသုံးစင်းနှင့် လေယာဉ်နှစ်စင်းကိုလည်း ဖြန့်ကြက်စေလွှတ်ထားသည်။ ထို့ပြင် ဂျပန်တပ်မတော်အနေဖြင့် အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း Type-88 ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ရန်စီစဉ်ထားကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ Balikatan ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန် နှင့်နယူးဇီလန်အပါအဝင် နိုင်ငံခုနစ်နိုင်ငံမှ စစ်သည်အင်အား ၁၇,၀၀၀ ကျော်ပါဝင်ပြီး မေလ ၈ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသအတွက် အလိုအပ်ဆုံးအရာသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုသာဖြစ်ပြီး ပြင်ပအင်အားစု များ ဝင်ရောက်လာခြင်း သို့မဟုတ် သွေးခွဲမှုနှင့်ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ခြင်းမျိုးမဟုတ်ကြောင်း အဆိုပါ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကော့ကျာကွမ် က တုံ့ပြန်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။