“နေတိုးအဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ရန်နှင့် အစ္စရေးနှင့်အဆက်အသွယ်ဖြတ်တောက်ရန် စပိန်အစိုးရအား နိုင်ငံရေးပါတီတောင်းဆို”

21 Apr

စပိန်နိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ရန်နှင့် အစ္စရေးနိုင်ငံနှင့် စီးပွားရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးအားလုံးကို ချက်ချင်း ဖြတ်တောက်ပစ်ရန် အစိုးရအား လက်ဝဲယိမ်းပိုဒီမို့စ်ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပက်ဘလိုဖာနန်ဒက်စ်က ဧပြီလ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။ ထို့ပြင် လက်ဝဲယိမ်းပိုဒီမို့စ်ပါတီသည် စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက် ၏ ရပ်တည်ချက်အပေါ် ဝေဖန်ခဲ့ပြီး ဥရောပသမဂ္ဂ အဖွဲ့နှင့် အစ္စရေးနိုင်ငံတို့အကြား ချုပ်ဆိုထားသော သဘောတူညီချက်ကိုရပ်ဆိုင်းရန် လုပ်ဆောင်သည့် ဝန်ကြီးချုပ်၏ ကနဦးခြေလှမ်းများသည် လူအများအာရုံစိုက်လာ စေရန်လုပ်ဆောင်ခဲ့သော နိုင်ငံရေးလှည့်ကွက်သာ ဖြစ်သည်ဟု ဖာနန်ဒက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ ထို့အတူ စပိန်အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ပါဝင်မှုကို မစောင့်ဆိုင်းဘဲ အစ္စရေးနိုင်ငံနှင့် ကုန်သွယ်ရေး၊ အားကစားနှင့်သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်သင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် စပိန်နိုင်ငံက နေတိုးမဟာမိတ်အဖွဲ့နှင့် အမေရိကန်အစိုးရတို့အပေါ် မှီခိုနေရမှုနှင့်စပ်လျဉ်း၍ ၎င်းကဝေဖန်ပြောကြားခဲ့ကြောင်း သိရသည်။ အလားတူပင် စပိန်နိုင်ငံ၊ ရိုတာနှင့် မိုရွန်အခြေစိုက်စခန်းများမှ အမေရိကန်စစ်သည်များအား ရုပ်သိမ်းပေးရန် နှင့်စပိန်နိုင်ငံအနေဖြင့် နေတိုးအဖွဲ့မှနုတ်ထွက်ရန် သို့မဟုတ် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပေးရန် ဖာနန်ဒက်စ် က တောင်းဆိုထားသည်ဟု Iv သတင်းဌာနဖော်ပြချက်အရ သိရသည်။

21 Apr

ADVERTISE HERE .