“ဆွာချောင်းတံတားသစ်(အပြန်လမ်း) ဇွန်လမှာ ပြန်လည်အသုံးပြုနိုင်မည်”
21 Apr
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါတံတား ပြန်လည်တည်ဆောက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မှ ဧပြီလ ၁၉ ရက်ကကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ် ပြန်လည်တည်ဆောက်ရာမှာ ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ ကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုကို အမြဲမပြတ်စစ်ဆေးရန် မှာကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား ငလျင်ဒ-ဏ်ခံ Elastomeric Bearings များတပ်ဆင်ထားမှု၊ အရည်အသွေးထိန်းသိမ်းရေးဆောင်ရွက်နေမှု၊ ရေတိုက်စားမှုကာကွယ်ရန် ရေလမ်းကြောင်းရှင်းလင်းခြင်းနှင့် ရေတားအကာအကွယ်များဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဆွာချောင်းတံတား(အပြန်လမ်း)ကို အသစ်အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ ဇွန်လမှာပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကာ ဆွာချောင်းတံတား(အသွားလမ်း)နေရာမှာ ယာယီဘေလီတံတားထပ်ပိုးအသုံးပြုနေခြင်းကို အစားထိုး၍ တံတားအသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပါတယ်။ (NVS 004)