“လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေးထုတ်ပြန်”

21 Apr

လယ်ယာမြေဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်ဆိုသော အချက်အပါအဝင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက် ၉ ချက်ကို ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ ပါတယ်။ အဆိုပါစည်းကမ်းချက်များမှာ လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သော မြေခွန်နှင့်အခြားအခွန်အခများကို ပေးဆောင်ရမှာဖြစ်ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့် တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနကသတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကိုပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမှာဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိကာ အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ် ပြုသော ဘဏ်မှာသာ ပေါင်နှံရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရန်နှင့် ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရန် တားမြစ်ထားသလို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရန်လည်း တားမြစ်ထားပါတယ်။ ဒါပေမယ့် လယ်ယာမြေကို လှပ်ထားရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမှာ ဖြစ်ပြီး အခုလိုလှပ်ထားခြင်းသည်လည်း ရွှေ့ပြောင်း တောင်ယာမြေမှအပ နှစ်နှစ်ထက် မပိုစေရဟု ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့် မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ ဟူ၍ တားမြစ်ထားပြီး လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသောအမိန့်ကို လိုက်နာရမှာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)

21 Apr

ADVERTISE HERE .