“တောင်သူများထံ အထူးသက်သာသောဈေးနှုန်းနဲ့ ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေး”
21 Apr
၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာများ သို့ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်း လက်ငင်းငွေချေစနစ်နဲ့ လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧပြီလ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ခရမ်းကိုင်း ကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစင်တာမှာ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးတဲ့ တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာနဲ့ အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင်ဧပြီလ ၁၉ ရက်မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ကျေးရွာ ခြောက်ရွာ၌ ဓာတ်မြေဩဇာများ ရောင်းချပေးခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း လက်ရှိစိုက်ပျိုးလျက် ရှိသော နွေစပါးစိုက်ဧကများမှ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာ၏ ဓာတ်မြေဩဇာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ်ထားသော ထောက်ခံချက်နဲ့ ရောင်းချပေးခြင်းဖြစ်သလို ကျန်ဧရိယာများအတွက်ကို အသုံးပြုရမည့်ကာလအမီ နှစ်ကြိမ်ခွဲရောင်းချပေးခြင်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)