“အပစ်အခတ်ရပ်စဲထားသော်လည်း အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေ”
20 Apr
ဧပြီလ ၁၆ ရက် ညဉ့်နက်ပိုင်းတွင် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာခဲ့သော်လည်း အစ္စရေးတပ်များက လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု လက်ဘနွန်နိုင်ငံပိုင် သတင်းဌာန National News Agency ၏ ဖော်ပြချက်အရသိရသည်။ နာဘာတီးခရိုင် ဒီယာ ဆီရီယာနီကျေးရွာ၏ အစွန်အဖျားဒေသများကို အစ္စရေးက လက်နက်ကြီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ မာဂျာယွန်မြို့တောင်ဘက် ခပ်လှမ်းလှမ်းအကွာရှိ တေဘာကျေးရွာ၌လည်း အစ္စရေး တပ်များက နေအိမ်များကို ဖြိုဖျက်မှုများ အကြီးအကျယ်လုပ်ဆောင်ခဲ့သည်ဟု အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။ ခီယမ်မြို့တွင်မူ အစ္စရေးတပ်များက မြို့ကို အလုံးစုံအဝင်အထွက်ပိတ်ဆို့ကာ မြို့ခံများ နေရပ်ပြန်မလာ နိုင်စေရန် ဝင်ပေါက်အားလုံးကို မြေပုံများ၊ အတားအဆီးများဖြင့် ပိတ်ဆို့ထားကြောင်း သိရသည်။ ထို့အတူ အစ္စရေးက ယင်းမြို့ထဲ၌ ဖောက်ခွဲဖျက်ဆီးမှုများ ထပ်မံလုပ်ဆောင်နေသည်ဟု သီးခြားသတင်းဖော်ပြချက်များက အတည်ပြု ခဲ့သည်။ ဘင့်ထ် ဂျေဘီးလ်ခရိုင်၌ ဘေ့ထ်လစ်ဖ်ကျေးရွာ အကြီးအကဲ အစ်ဇက် ဟမ်းမော့ က အစ္စရေး လုပ်ဆောင်လျက် ရှိသော ဖြိုဖျက်မှုများ၊ မြေထိုးစက်ဖြင့်ထိုးကာ နေအိမ်ဖျက်ဆီးမှုများကို ချက်ချင်းရပ်တန့်စေရန် လက်ဘနွန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲထားမှုကို အသုံးချလျက် ချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင် နေသည်ဟု ဟမ်းမော့ က စွပ်စွဲပြောဆိုခဲ့ကာ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ကြည့်ရှုစစ်ဆေးရန် နေရပ်ပြန်မည့် ဒေသခံ များမှာလည်း တားဆီးပိတ်ပင်ခံထားရဆဲဖြစ်သည်ဟု ဆိုသည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကမူ လက်ရှိအချိန်ထိ လက်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု လက်ဘနွန်တာဝန်ရှိသူများက ပြောသည်။ အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ကြေညာချက် ထွက်ပေါ်လာပြီးနောက် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့ကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲမှုမှာ ဧပြီလ ၁၆ ရက် ဒေသစံတော်ချိန် ညသန်းခေါင် (ဂရင်းနစ်စံတော်ချိန် ၂၁ နာရီ)၌ စတင်အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ (Repost from Xinhua Myanmar)