“ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားနိုင်ငံတာဝန်ရှိသူများနှင့် နှစ်နိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး”

17 Apr

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့်အတူ ဧပြီလ ၁၅ ရက် နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov အား သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးစဉ်မှာ မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်၏ စာမျက်နှာသစ်ဖွင့် လှစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရုရှားနိုင်ငံ၏ အကြံဉာဏ်၊ နည်းပညာအကူအညီအထောက်အပံ့များ ရယူဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရေနံနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွား မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Sergei Tsivilev နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာနိုင်ငံအသီးသီးတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အကျပ်အတည်း အခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် ရုရှားနိုင်ငံသည် သိသာစွာထိခိုက်မှုမရှိဘဲ ပုံမှန်အနေအထားဖြင့် ရပ်တည်လျက် ရှိသည့်အတွက် ရုရှားနိုင်ငံ၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအစီအမံများကို များစွာအားကျ အတုယူရကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုံခြုံရေးနှင့်ဖူလုံရေးတို့အတွက် ရုရှားနိုင်ငံနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် စွမ်းအင်ကုန်သွယ်မှုအတွက် အရှေ့တောင်အာရှနိုင်ငံများဘက်သို့ တိုးမြှင့်ဆောင်ရွက်လာချိန်တွင် မြန်မာနိုင်ငံ၏ တည်နေရာအနေအထားသည် Energy Hub အဖြစ် အသုံးပြုဆောင် ရွက်သွားရန် အထူးသင့်လျော်ကောင်းမွန်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည်(LNG) မြန်မာနိုင်ငံသို့ ပို့ဆောင်၍ မြန်မာ နိုင်ငံမှတစ်ဆင့် ပိုက်လိုင်းများကိုအသုံးပြု၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံသို့ ဆက်လက်တင်ပို့နိုင်ရေး ဆောင်ရွက် သွားလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးဆောင်ရွက်ရန် အထူးသင့်လျော် ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စရပ်များကို လျင်မြန်စွာဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြား ခဲ့ပါတယ်။ ထို့နောက် ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကဏ္ဍတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်အတွက် ဦးဆောင်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် Energy Hub အနေဖြင့် ဆောင်ရွက်ရန်အတွက် အနေအထားများ ပြည့်စုံကောင်းမွန်သဖြင့် ဆောင်ရွက်သွားလိုပါကြောင်း၊ ရုရှားစွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ(MOU) အမြန်ဆုံးရေးထိုးသွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဌ H.E.Mr.Sholban KARA-OOL အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများအား ရုရှားနိုင်ငံမှ ရေရှည်သဘောတူညီချက်ဖြင့် ဝယ်ယူနိုင်ရေး အတွက် ခိုင်မာသည့်ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု တည်ဆောက်သွားလိုသည့် ကိစ္စရပ်များ၊ အရင်းအနှီး ကြီးမား သည့် စီမံကိန်းများအတွက် ရုရှားနိုင်ငံမှ အထူးသက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများ ရယူဆောင်ရွက်နိုင်ပါက စီမံကိန်းလုပ်ငန်းများအား ပိုမိုမြန်ဆန်စွာဆောင်ရွက်သွားနိုင်မည့် အခြေအနေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ယင်းနောက် ဒူမားလွှတ်တော်ဥက္ကဌက မိမိတို့အနေဖြင့် စာချုပ်စာတမ်းများပြုလုပ်ရာတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးနိုင်ခြင်းသည် အလွန်ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ် ဖြစ်ပြီး ဝမ်းသာဂုဏ်ယူမိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းကို မှာကြားထားပြီးဖြစ်ကြောင်း၊ အဆွေတော်၏ ဆွေးနွေးမှုများကို နိုင်ငံတော်အကြီးအကဲ များထံ တင်ပြပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်လည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ရုရှား-မြန်မာ-တရုတ် သုံးနိုင်ငံစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးသည် အလွန် အရေးကြီးသဖြင့် မိမိတို့ဘက်ကလည်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံပြည်သူများ အေးချမ်းသာယာရေးအတွက် မိမိတို့ရုရှားနိုင်ငံအနေဖြင့် လိုအပ်သည့် အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။(NVS 004)

17 Apr

ADVERTISE HERE .