“ဗာဟိုဗန် နှင့် ချန်ပီယံဆုကာကွယ်ပွဲထိုးသတ်ရန် အူဆက်ခ် ဆုံးဖြတ်”
16 Apr
ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ယူကရိန်းနိုင်ငံသား အူဆက်ခ် ဟာ WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် နယ်သာလန် ကစ်ဘောက်ဆာ ဗာဟိုဗန် နဲ့ ထိုးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အူဆက်ခ် ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လန်ဒန်မှာ ဗြိတိန်နိုင်ငံသား ဒူဘော့စ် ကို အနိုင်ယူပြီးနောက်ပိုင်း ပွဲထိုးသတ်ခြင်းမရှိဘဲ ဗာဟိုဗန် နဲ့ ချန်ပီယံကာကွယ်ပွဲကို မေလ ၂၃ ရက်တွင် အီဂျစ်မှာ ထိုးသတ်မှာဖြစ်ပါတယ်။ အသက် ၃၉ နှစ် အရွယ် အူဆက်ခ် ဟာ အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံဆုအားလုံးရဲ့ ပိုင်ရှင်ဖြစ် ခဲ့ပေမယ့် WBO ချန်ပီယံဆုကို လက်လွှတ်ခဲ့ပြီးနောက် လက်ရှိမှာ IBF,WBA နဲ့ WBC ကမ္ဘာ့ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဗာဟိုဗန် က ကောင်းမွန်တဲ့ တိုက်ခိုက်ရေးသမားဖြစ်သလို အရမ်းကိုအန္တရာယ်များတဲ့ ပြိုင်ဘက်တစ်ယောက်လည်းဖြစ်လို့ အခုလို ချန်ပီယံဆုကာကွယ်ပွဲအတွက် ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်တာ ဖြစ်ကြောင်း အူဆက်ခ် က ပြောခဲ့ပါတယ်။ ကစ်ဘောက်ဆင်သမားဖြစ်တဲ့ ဗာဟိုဗန် က ပရိုလက်ဝှေ့အတွေ့အကြုံ အားနည်းတာကြောင့် အခုလိုရွေး ချယ်မှုအပေါ် ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ကစ်ဘောက်ဆင် ၇၆ ပွဲမှာ ၆၆ ပွဲအထိ အနိုင်ရထားတဲ့ ဗာဟိုဗန် ဟာ ပရိုလက်ဝှေ့ပွဲကိုတော့ တစ်ပွဲတည်းထိုးသတ်ပြီး အနိုင်ရထားသူဖြစ်ပါတယ်။(NVS 008)