“အီကီတီကီ ရဲ့ဒဏ်ရာ ဆိုးရွားပုံရကြောင်း နည်းပြ စလော့ ပြော”

16 Apr

ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် ထမ်းစင်အကူအညီနဲ့ ကွင်းပြင်ကို ထွက်ခဲ့ရတဲ့ တိုက်စစ်မှူး အီကီတီကီ ရဲ့ ဒဏ်ရာအခြေအနေက ဆိုးရွားပုံရတယ်လို့ လီဗာပူးနည်းပြ စလော့ က ပြောခဲ့ပါတယ်။ အဆိုပါပွဲစဉ် ပွဲချိန် မိနစ် ၃၀ လောက်မှာ အီကီတီကီ အနေနဲ့ ဒဏ်ရာရခဲ့တာဖြစ်ပြီး ထမ်းစင်နဲ့ကွင်းပြင်ကို မထွက်ခွာမီ အီကီတီကီ ရဲ့ခြေကျင်းဝတ် နာကျင်နေတဲ့ပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။ အီကီတီကီ ရဲ့ ဒဏ်ရာ အခြေအနေကိုကြည့်ရတာ ဆိုးရွားပုံရပြီး ဘယ်လောက်ဆိုးတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်လို့ ပွဲအပြီးမှာ နည်းပြ စလော့ ကပြောခဲ့ပါတယ်။ လက်ရှိရာသီမစခင်မှာ ဖရန့်ဖတ်အသင်းကနေ လီဗာပူးလ်အသင်းကို ရောက်လာခဲ့တဲ့ အီကီတီကီ ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာပဲ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၁၇ ဂိုး အထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနီးမှ ဒဏ်ရာရခဲ့တာကြောင့် အီကီတီကီ အတွက် တကယ့်ကိုခက်ခဲတဲ့ အခိုက်အတန့်ဖြစ်နိုင် တယ်လို့ ပြင်သစ်အသင်းဖော် ကိုနာတီ က သုံးသပ်ခဲ့ပါတယ်။ အီကီတီကီ ရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးမှုတွေပြီးမှ သိနိုင်မှာဖြစ်ပြီး အနားယူရမယ့် အချိန်ကာလအပေါ်မူတည်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ် အသင်းမှာ ပါဝင်ခွင့်ရ/မရ ဆိုတာကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။(NVS 008)

16 Apr

ADVERTISE HERE .