“ဒိုင်လူကြီးကို ဝေဖန်ခဲ့လို့ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေတဲ့ ရာဖင်ညာ”
16 Apr
ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ရာဖင်ညာ ဟာ အက်သလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ် အပြီးမှာ ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာကြောင့် ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း သိရပါတယ်။ ရာဖင်ညာ ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲကို ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်လူကြီး တာပင် အနေနဲ့ အိမ်ရှင်အသင်းဘက်ကို အလေးပေးခဲ့ကြောင်း ဝေဖန်ပြစ်တင် ခဲ့ပါတယ်။ အက်သလက်တီကိုအသင်း ကစားပုံကြမ်းတမ်းမှုများအပေါ် အဝါကတ်တစ်ကြိမ်တောင် ပြသခဲ့ခြင်းမရှိတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အားလုံးက အလွန်ဆိုးရွားပြီး ဘာစီလိုနာအသင်းအနိုင်ရမှာကို ကြောက်ရွံ့နေတယ်လို့ ရာဖင်ညာ က ပြောခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ရာဖင်ညာ ပြောကြားခဲ့တဲ့ မှတ်ချက်စကားအပေါ် ဆန်းစစ် သုံးသပ်မှုပြုလုပ်ပြီး ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း စပိန်သတင်းစာ Mundo Deportivo က ဖော်ပြ ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်လို့ ရာဖင်ညာ အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)