“PSG အသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို (၃)ရာသီဆက်တက်ရောက်နိုင်ခဲ့ပြီး အက်သလက်တီကိုအသင်း ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်တက်ရောက်”
15 Apr
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်(၂)ပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ PSG က လီဗာပူးလ်ကို နှစ်ကျော့ပေါင်း ၄ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး အက်သလက်တီကိုက ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ PSG အသင်းဟာ လီဗာပူးလ်ကို နှစ်ကျော့စလုံး ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ခြင်းဖြစ်သလို၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အန်ဖီးလ်ကွင်းမှာ နှစ်ရာသီဆက်အနိုင်ရတဲ့ ပထမဆုံးအသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ PSG အသင်းဟာ ၂၀၂၃-၂၄ ရာသီမှာလည်း ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို (၃)ရာသီဆက် တက်ရောက်နိုင်ခဲ့တာပါ။ အက်သလက်တီကိုအသင်းက ကွာတားဖိုင်နယ်ဒုတိယအကျော့မှာ ဘာစီလိုနာကို ၁ ဂိုး၊ ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ပထမအကျော့မှာ ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ၃ ဂိုး၊ ၂ ဂိုးနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ အက်သလက်တီကိုအသင်းဟာ ၂၀၁၆-၁၇ ရာသီမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ရောက်ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီတွေမှာ အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ်အဆင့်မှာသာ ရောက်ရှိခဲ့ပြီး ဒီရာသီမှာမှ ဆီမီးဖိုင်နယ်ကို ပြန်လည် တက်ရောက်နိုင်ခဲ့တာြဖစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ PSG က ရီးရဲလ်-ဘိုင်ယန်မြူးနစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး အက်သလက် တီကိုအသင်းကတော့ စပို့တင်းလစ္စဘွန်း-အာဆင်နယ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။(NVS 008)