“ကျိုင်းတုံမြို့၌ တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုများ၏ (၆၁၅)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ခြင်းနှင့် ပို့ဆောင်ပွဲကျင်းပ”
15 Apr
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသ တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုများ၏ (၆၁၅) ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ခြင်းနှင့် ပို့ဆောင်ပွဲကို ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ မဟာခနန်ပန်းခြံ၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာအကအလှအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ဒေသခံရှမ်း၊ လွယ်လ၊ အာခါ၊ လားဟူလူမျိုးများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ “နန္ဒဘေးရီ” အမည်ရှိ စည်တော်အား စင်ပေါ်သို့တင်ဆောင်ရာတွင် တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌ ဒေသရှိ ရှမ်းမျိုးနွယ်စုယဉ်ကျေးမှုအဖွဲ့ဝင်များက "နှစ်သစ်မင်္ဂလာ" တေးသီချင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းနောက် တာဝန်ရှိသူများက စည်တော်နှင့်စပ်လျဉ်း၍ ရိုးရာဓလေ့ အမေးအဖြေများပြုလုပ်ကြပြီး စည်တော်ကို စင်ပေါ်သို့တင်မြှောက်ခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက စည်တော်အား(၇)ချက်စီတီး၍ ဆုမွန်ကောင်း တောင်းခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံ တိုင်းရင်းသားများနှင့်အတူ စည်တော်ကို မဟာခနန် ပန်းခြံမှ ကျိုင်းတုံမြို့ နမ့်ခင်ရေချောင်းသို့ ပို့ဆောင်ခဲ့ပါတယ်။ ယခုပွဲတော်ကို ကျိုင်းတုံမြို့နယ် တုံဂပူရီ(သို့မဟုတ်) ခေမာရဋ္ဌဒေသရှိ ရှမ်းမျိုးနွယ်စုတို့၏ ဘိုးစဉ်ဘောင်ဆက် ဓလေ့ထုံးစံအရ ဘေးအန္တရာယ်ဟူသမျှ ကင်းစင်ပပျောက် စေခြင်း၊ ပြည်သူပြည်သားများ ကြံ့ခိုင်ကျန်းမာစေခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ရရှိစေပြီး ဆန်ရေစပါးပေါကြွယ်ဝစေခြင်း တို့အတွက် ရည်ရွယ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)